မန္တလေးမြို့တွင် ကျောင်းတိုက်များထဲ သင်္ကန်း၀တ်မျက်နှာစိမ်းများ ၀င်ထွက်နေ၍ ကျောင်းနေသံဃာများ စိတ်အနှောင့်အယှက်ဖြစ်နေရ

မန္တလေးမြို့တွင် ကျောင်းတိုက်များထဲ သင်္ကန်း၀တ်မျက်နှာစိမ်းများ ၀င်ထွက်နေ၍ ကျောင်းနေသံဃာများ စိတ်အနှောင့်အယှက်ဖြစ်နေရ

အောက်တိုဘာ ၈

မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတိုက်များထဲတွင် ယခုရက်ပိုင်းအတွင်း သင်္ကန်း၀တ်မျက်နှာစိမ်းများ ၀င်ထွက်နေခြင်းကြောင့် ကျောင်းနေသံဃာများ စိတ်အနှောင့်အယှက်ဖြစ်နေရသည်ဟု သံဃာများက မိန့်ကြားသည်။

“ဦးဇင်းတို့က ကျောင်းထဲ၀င်လာတဲ့သူမှန်သမျှ သံဃာပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်၊ မျက်နှာစိမ်းဆိုတန်းသိတာပဲလေ။ ဒီရက်ပိုင်း နိုင်ငံရေးအခြေအနေတွေလည်း ဦးဇင်းတို့သိကြတာပဲ။ ဦးဇင်းတို့ကျောင်းမှာဘာမှမရှိဘူး။ စာသင်သားက စာသင်တယ်။ ဥပုသ်ရက်တွေမှာ သီလလာယူသူတွေရှိတယ်။အဲဒါလောက်ပဲ။ အဲဒါကို သင်္ကန်း၀တ်ထားတဲ့ မျက်နှာစိမ်းတွေ လာလာချောင်းကြတာ အခုရက်ပိုင်းသတိထားမိတယ်။ စိတ်အနှောင့်အယှက်ဖြစ်တာပေါ့။ မထင်ရင်မထင်သလို ဖမ်းဆီးရိုက်နှက်တဲ့ကောင်တွေဆိုတော့” ဟု မြို့ပေါ်ကျောင်းတိုက်တစ်ခုမှ ရဟန်းတော်တစ်ပါးက မိန့်သည်။

မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းကို အငြိုးတကြီးဖြင့် လိုက်လံဖြိုခွင်းနေသည့် အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းက ဘုန်းကြီးကျောင်းတိုက်များအတွင်း အတင်းအဓမ္မ ၀င်ရောက်စီးနင်းပြီး ရဟန်းတော်များအား ဖမ်းဆီးခြင်း၊ သံဃာပိုင်ပစ္စည်းများ သိမ်းယူသွားခြင်းတို့ ပြုလုပ်ခဲ့သည်။

“မနေ့က စသတိထားမိတာဗျ။ ကျုပ်တို့ကျောင်းတိုက်ထဲ ဒီကိုယ်တော်တွေမမြင်ဖူးပါလားပေ့ါ။ ဒီနေ့တော့ ဘုရားကြီးဘက်က ကျောင်းတိုက်တချို့မှာလည်း အဲလိုတွေ(မျက်နှာစိမ်းသင်္ကန်း၀တ်)တွေ့ရတယ်လို့ ပြောသံကြားတယ်။ စိတ်အနှောင့်အယှက်ဖြစ်လားဆိုတော့ ဖြစ်တာပေါ့။ တချို့ကျောင်းတိုက်တွေဆို တပ်စွဲခွင့်တောင်ပေးထားတယ် ကြားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရဟန်းတော်တစ်ပါးက မိန့်သည်။

ယနေ့နံနက်ပိုင်း ရရှိသည့် သတင်းများအရ မဟာမုနိဘုရားကြီးအနီးရှိ ကျောင်းတိုက်များတွင်လည်း သင်္ကန်း၀တ် မျက်နှာစိမ်းများ ၀င်ထွက်နေသည်ကိုတွေ့ရကြောင်း၊ တချို့ကျောင်းတိုက်များတွင် ပျူစောထီးနှင့် ဒလန်များအား လက်ခံထားကြောင်း၊ မြတောင်ကျောင်းတိုက်အနီး ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားကို စစ်ကောင်စီလက်နက်ကိုင် တပ်ဖွဲ့က ပိတ်ဆို့စောင့်ကြည့်နေကြောင်း သိရသည်။

မန္တလေးမြို့တွင် ခေတ်အဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများတွင် ပြည်သူနှင့်အတူရပ်တည်ခဲ့သည့် ဘုန်းကြီးကျောင်းတိုက်ကြီးများ ရှိခဲ့ဖူးပြီး၊ စစ်အာဏာရှင်၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသည့် ရဟန်းတော်အများအပြားလည်းပေါ်ထွန်းခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly