မြန်မာ့အရေးတွင် NUG နှင့် CRPH ကိုထောက်ခံအားပေးရန် ဥရောပပါလီမန်ဆုံးဖြတ်

မြန်မာ့အရေးတွင် NUG နှင့် CRPH ကိုထောက်ခံအားပေးရန် ဥရောပပါလီမန်ဆုံးဖြတ်

အောက်တိုဘာ ၈

မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကိုထောက်ခံပေးရန် ဥရောပပါလီမန်က အောက်တိုဘာ ၇ ရက်တွင် ဆုံးဖြတ်ချက်ချလိုက်သည်။

အဆိုပါဆုံးဖြတ်ချက်ကို မဲပေးခွင့်ရှိသူ စုစုပေါင်း ၆၈၀ ရှိသည့်အထဲမှ ထောက်ခံမဲ ၆၄၇ ၊ ကန့်ကွက်မဲ နှစ် မဲ၊ ကြားနေ ၃၁ မဲတို့ဖြင့် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်းဖြစ်သည်။

ဥရောပသမဂ္ဂကပါလီမန်က မြန်မာ့အရေးနှင့်ပတ်သက်၍ အချက် (၅) ချက်ပါသော ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကိုယ်စားလှယ်များ သဘောတူညီခဲ့ကြသည်။

အဆိုပါ (၅) ချက်မှာ စစ်အာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလေးစားရန် နှင့် အရပ်သားအစိုးရကို အာဏာပြန်ပေးရန် ၊ ဖမ်းဆီးထားသူအားလုံးကိုလွှတ်ပေးရန် နှင့်လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကိုလေးစားရန်တို့ ဖြစ်သည်။

ဒါ့အပြင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံ့ခေါင်းဆောင်များကို ချက်ချင်းလွှတ်ပေးရန်အတွက် တောင်းဆိုလိုက်ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးတိုက်ပွဲများကို ထောက်ခံကြောင်းဆိုသည်။

စစ်တပ်၏ အကြမ်းဖက်မှုများကိုလည်း ရှုတ်ချလိုက်ပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် NUGနှင့် CRPH ကိုပါ ထည့်သွင်းကြရန် အာဆီယံနှင့်နိုင်ငံတကာအသိုက်အဝန်းကို ဥရောပ ပါလီမန်က တိုက်တွန်းခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံ ပါဝင်သည့် အဆိုပါဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များထံသို့ ပေးပို့သွားမည်ဟု သိရသည်။

လတ်တလောတွင်လည်း ပူးပေါင်းဆောင်ရွက်မှုမရှိသည့် စစ်ကောင်စီကို အာဆီယံခေါင်းဆောင်များပါဝင်သည့် ထိပ်သီးအစည်းအဝေး တတ်‌ရောက်ခွင့် ပိတ်ပင်မည်ဆိုသည့် သတင်းများထွက်ပေါ်နေပြီး မလေးရှားနိုင်ငံမှလည်း NUG နှင့် ဆွေးနွေးရန်အတွက် ပြောဆိုလာသည့် အခြေအနေများရှိနေခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly