ဒီးမော့ဆိုရှိ ထပ်တိုးစစ်ရှောင် ဦးရေ ၈၀၀ကျော်အတွက် ရိက္ခာ အရေးပေါ်လိုအပ်နေ

ဒီးမော့ဆိုရှိ ထပ်တိုးစစ်ရှောင် ဦးရေ ၈၀၀ကျော်အတွက် ရိက္ခာ အရေးပေါ်လိုအပ်နေ

အောက်တိုဘာ ၈

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ဘက်မှ စစ်ဘေးရှောင်လာကြသည့် ထပ်တိုးစစ်ရှောင် ဦးရေ ၈၀၀ ကျော်အတွက် ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး တာဝန်ခံများထံမှ သိရသည်။

" ဒီ ၈၀၀ ကျော်က ဒီးမော့ဆိုကနေပြောင်းလာတဲ့ ထပ်တိုးစစ်ရှောင်အသစ်တွေပါ၊။ ဟိုတလောက ကုန်းသာရွာဘက်က အိမ်မီးရှို့ခံရတဲ့ ပြည်သူတွေလည်း ပါတယ်။ ရိက္ခာပစ္စည်းတွေဖြစ်တဲ့ ဆန်၊ဆီ၊ဆားအပါအဝင် နေဖို့ အမိုးအကာတာလပတ်၊ အနွေးထည်တွေလည်း အရေးပေါ်လိုအပ်နေပါတယ်။ အလှူငွေတွေလည်း တချို့လက်လှမ်းမမှီတဲ့စစ်ရှောင်စခန်းတွေ ဘက်သိပ်မရောက်လို့ အလှူငွေတွေလည်း လိုအပ်နေ‌သေးတယ်"ဟု စစ်ရှောင်တာဝန်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါစစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက် မှစ၍ တိမ်းရှောင်လာကြခြင်းဖြစ်ပြီး ဒီးမော့ဆိုမြို့နယ် ၊ကုန်းသာရွာတွင် စက်တင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ မီးရှိူ့ဖျက်ဆီးခဲ့သည့် နေအိမ် ၅၃ လုံးမှ မိသားစုဝင် ၁၈၈ ဦး‌လည်းပါဝင်ကြောင်းသိရသည်။

ကရင်နီပြည်နယ်၏ နေရာအချို့တွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် လက်ရှိတွင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာအရ စစ်ဘေးရှောင်ပြည်သူ ဦးရေ တစ်သိန်းခွဲဝန်းကျင်ရှိကြောင်း စစ်ရှောင်တာဝန်ခံများ၏ စာရင်းအရ သိရသည်။

လက်ရှိတွင် ယနေ့ အောက်တိုဘာ ၈ရက် နေ့လည်မှစ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး‌ကျေးရွာတွင် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း ဒေသခံများကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီမှ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါဘူးငံရယ်ကျေးရွာ၊ခေါက်ပလော့ရွာတို့တွင် ယခုရက်ပိုင်းအတွင်း ပြည်သူများ၏‌နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဒီးမော့ဆို(DMO-PDF)မှ အောက်တိုဘာလ ၆ ရက်က ထုတ်ပြန်ထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required