ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်၂ နှစ်ချမှတ်

ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်၂ နှစ်ချမှတ်

အောက်တိုဘာ ၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေ မြို့နယ်တရားရုံးက ယနေ့ အောက်တိုဘာလ ၈ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်ကြောင်း အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးမျိုးမြတ်ဟိန်းက မဇ္ဈိမကို ပြောသည်။

ဦးညီပု အား ၅၀၅ (ခ) အမှုအတွက် အွန်လိုင်းဗွီဒီယိုစနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရုံးတင်စစ်ဆေးပြီးနောက် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် နှစ်နှစ် အပြီးသတ်အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

“အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်ပါ။ သူဘယ်လိုသဘောထားရှိမလဲဆိုတာကတော့ အဂတိလိုက်စားမှုနဲ့ ချိန်းဆိုထားတဲ့ နောက်တစ်ပတ်ရုံးချိန်းမှာ လူချင်းတွေ့မှပဲ မေးမြန်းရမှာ ဖြစ်ပါတယ်” ဟု ဦးညီပုဘက်က အမှုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

၅၀၅ (ခ) ဥပဒေပုဒ်မဖြင့် အမိန့်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ အထက်တရားရုံးကို ဆက်လက်အယူခံတက်ရန် ရှိ၊ မရှိ မသိရသေးကြောင်း ရှေ့နေကပြောသည်။

ဝန်ကြီးချုပ် ဦးညီပုသည် ၅၀၅ (ခ) ပုဒ်မအပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု သုံးခုကိုလည်း ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် အမှုရင်ဆိုင်နေရသည်။

အဆိုပါ အဂတိ လိုက်စားမှု ဥပဒေပုဒ်မဖြင့် တရားစွဲခံထားရသည့် အမှုများအတွက် စစ်ဆေးရန် လာမည့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်ပြည်တရားလွှတ်တော်က ရုံးချိန်းခေါ်ယူထားကြောင်း သိရသည်။

“အယူခံပြင်ဆင် တက်၊ မတက် သူ့ရဲ့သဘောထားကို အဲဒီအဂတိလိုက်စားမှု ရုံးချိန်းမှာ လူချင်းတွေ့မှပဲ သိရမှာ ဖြစ်ပါတယ် ” ဟု တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အမိန့်ချမှတ်နိုင်သည့် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ခြင်းဖြစ်ပြီး တရားရင်ဆိုင်နေရဆဲဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ သည် ပြစ်မှုမြောက်လျှင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်တို့သည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံနေရသည်။

ရခိုင်ဝန်ကြီးချုပ် ဦးညီပုသည် စစ်တွေမြို့ရှိ စစ်တပ်ရင်းတစ်ခုတွင် ထိန်းသိမ်းခံထားရခြင်းဖြစ်ပြီး ယနေ့တွင် အဆိုပါ စစ်တပ်ရင်းမှ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required