အိန္ဒိယက မြန်မာအပါအဝင် နိုင်ငံ ၃ နိုင်ငံသို့ Covishield ဆေးအလုံးရေ ၁ သန်းစီ တင်ပို့မည်

အိန္ဒိယက မြန်မာအပါအဝင် နိုင်ငံ ၃ နိုင်ငံသို့ Covishield ဆေးအလုံးရေ ၁ သန်းစီ တင်ပို့မည်

အောက်တိုဘာ ၈

အိန္ဒိယ ဆေးကုမ္ပဏီ ဆီရမ် အင်စတီကျူ့က မြန်မာ၊ နီပေါ နှင့် ဘင်္ဂလားဒေ့ရှ်တို့၌ ကပ်ရောဂါ တိုက်ဖျက်မှုကို ကူညီရန်အတွက် အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး Covishield အလုံးရေ ၁ သန်းစီ တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ပူနီမြို့တွင် အခြေစိုက်ပြီး အက်စ်ထရာ ဇန်နကာ- အောက်စ်ဖို့ဒ် ကာကွယ်ဆေးကို အိန္ဒိယတွင် ထုတ်လုပ်နေသည့် ဆီရမ် အင်စတီကျူ့၏ အဆိုပါ တင်ပို့မှုကြောင့် သက်ဆိုင်ရာနိုင်ငံများတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်ပိုသွက်စေမည် ဖြစ်သည်။

လက်ရှိအချိန်အထိ အိန္ဒိယ ဆီရမ်အင်စတီကျူ့ (SII) သည် ယင်း၏ COVID-19 ကာကွယ်ဆေး Covishield အလုံးပေါင်း သန်း ၇၈၀ နီးပါး တင်ပို့ထောက်ပံ့ပေးထားပြီး ဖြစ်ပြီး အောက်တိုဘာလတွင် အလုံးရေ ၂၁၅ သန်းနီးပါး တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

တချိန်တည်းမှာပင် အိန္ဒိယဗဟိုအစိုးရသည် ယခုလအတွင်း ကာကွယ်ဆေး အလုံးရေ သန်း ၂၇၀ မှ သန်း ၂၈၀ အကြား ရရှိသွားနိုင်ရန် လျာထားပြီး အောက်တိုဘာလလယ်မတိုင်မီ နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုပေါင်း သန်း ၁၀၀၀ ပြည့်မီနိုင်ရန် မျှော်မှန်းထားကြောင်း ANI က အ‌စောပိုင်းက ဖော်ပြခဲ့သည်။

“ဒါကို ပြည့်မီအောင်မြင်ဖို့အတွက် ဆီရမ်အင်စတီကျူ့ရဲ့ Covishield နဲ့ ဘာရတ် ဘိုင်အိုတက်ချ်ရဲ့ Covaxin ကာကွယ်ဆေးတွေကို အများအပြား ထုတ်လုပ်သွားပါလိမ့်မယ်၊ အိန္ဒိယဟာ စက်တင်ဘာလမှာလည်း ကာကွယ်ဆေးအလုံးရေ သန်း ၂၅၀ ကျော် ထုတ်လုပ်ရရှိထားခဲ့ပါတယ်” ဟု သတင်းရင်းမြစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly