တရုတ်၏ ကာစီနိုအပေါ်ချေမှုန်းမှုသည် ကြီးမားသောစိန်ခေါ်မှုမဟုတ်ဟု MGM Resorts CEO ပြော

တရုတ်၏ ကာစီနိုအပေါ်ချေမှုန်းမှုသည် ကြီးမားသောစိန်ခေါ်မှုမဟုတ်ဟု MGM Resorts CEO ပြော

ကမ္ဘာ့အကြီးဆုံးလောင်းကစားဈေးကွက် မကာအိုတွင် အကျိုးအမြတ်များကို ထိခိုက်စေခဲ့သည့် တရုတ်အစိုးရဖြိုခွင်းမှုကြောင့် စိုးရိမ်မှုမရှိကြောင်းနှင့် ကြီးမားသောစိန်ခေါ်မှုတစ်ခုအဖြစ် မရှုမြင်ကြောင်း MGM Resorts International (MGM) အမှုဆောင်အရာရှိချုပ်က ပြောကြားသည်။

Yahoo Finance နှင့်အင်တာဗျူးတစ်ခုတွင် MGM Resorts International ၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌလည်းဖြစ် MGM China ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဘီလ်ဟွန်းဘက်ကယ်က လောင်းကစားနယ်ပယ်၌ ပိုမိုတင်းကျပ်သောထိန်းချုပ်မှုများလုပ်ဆောင်ရန် တရုတ်အစိုးရ၏ စည်းမျဉ်းသစ်ဆိုင်ရာကြိုးပမ်းမှုများသည် အခြေခံအားဖြင့် ဈေးကွက်တွင် တိုးတက်မှုအခွင့်အလမ်းများကို ပြောင်းလဲစေလိမ့်မည်ဟူသော စိုးရိမ်မှုများကို ပယ်ချခဲ့သည်။

ဟွန်းဘက်ကယ်က “မှားတယ်လို့သက်သေမပြနိုင်ခင်အထိ ပြောနေကြတဲ့အရာတွေကို ကျွန်တော်တို့က ပြင်းပြင်းထန်ထန်တ တုံ့ပြန်နေမှာမဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ ဆင်ခြင်တုံတရားရှိတဲ့ စိတ်ထိန်းချုပ်မှုရှိဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မကာအိုစီးပွားရေးဖြစ်နေလို့ပါ” ဟု ဆိုသည်။

မကာအိုသည်အာရှ၏လောင်းကစားမြို့တော်အဖြစ်လည်ပတ်နေသည်မှာ နှစ် ၂၀ ဝန်းကျင် ကြာမြင့်ခဲ့ပြီဖြစ်ပြီး တရုတ်အုပ်ချုပ်မှုအောက်၌ တစ်ခုတည်းသော ကာစီနိုများလုပ်ဆောင်ရန် ခွင့်ပြုချက်ရ နယ်မြေအဖြစ် ခွင့်ပြုခံထားရသည်။ နိုင်ငံ၏ ငွေကြေးသုံးဖြုန်းနိုင်သူများထံမှ ရရှိသော ဝင်ငွေများသည် MGM၊ Wynn Resorts (WYNN) နှင့် Las Vegas Sands (LVS) ကဲ့သို့သော အမေရိကန် ကာစီနို လုပ်ငန်းများ အတွက် လွန်စွာအရေးပါလာပြီး မကာအိုကာစီနိုများသည် ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ ၃၆၀ ဘီလီယံ ဝင်ငွေရခဲ့ကာ လက်စ်ဗီးဂက်စ်ရှိ ကာစီနိုများမှ ဝင်ငွေထက် ၆ ဆ ရှိခဲ့သည်ဟု Bloomberg အချက်အလက်အရ သိရသည်။

လုပ်ငန်းများအပေါ် အစိုးရ၏ကြီးကြပ်မှုတင်းကျပ်ရန် ကာစီနိုလုပ်ငန်းကို သုံးသပ်မှုစတင်တော့မည်ဟု မကာအို၏ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြီးခဲ့သည့်လက ကြေညာခဲ့ချိန်တွင် စတော့ရှယ်ယာများ ထိုးကျသွားခဲ့သည်။

မကာအိုကာစီနို အော်ပရေတာများ၏ရှယ်ယာများသည် တစ်ရက်အတွင်း ၎င်းတို့တန်ဖိုး၏ ၃ ပုံ ၁ ပုံ အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ အရှုံးပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly