မန်းဝန်ချုပ် ကျန်းမာရေးကောင်းမွန်ပြီး မိသားစုနှင့်တွေ့ဆုံခွင့်ရရှိရေး လျှောက်ထားဆဲဟု သူ၏ ရှေ့နေပြောကြား

မန်းဝန်ချုပ် ကျန်းမာရေးကောင်းမွန်ပြီး မိသားစုနှင့်တွေ့ဆုံခွင့်ရရှိရေး လျှောက်ထားဆဲဟု သူ၏ ရှေ့နေပြောကြား

အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေး မှာ ကောင်းမွန်နေသော်လည်း မိသားစုနှင့် တွေ့ဆုံခွင့် ရရှိရေးလျှောက်ထားဆဲ ဟု သူ၏ ရှေ့နေ ဦးကျော်ညွှန့်အပြောအရ သိရသည်။

အသက် ၇၀ အရွယ်သွေးကင်ဆာဝေဒနာခံစားနေရသော ဒေါက်တာဇော်မြင့် မောင်မှာ စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှစတင်၍ ဖမ်းဆီးခံရပြီး ယခု အထိ မိသားစုနှင့် တွေ့ဆုံခွင့် မရရှိသေးဟုဆိုသည်။

ဒေါက်တာဇော်မြင့်မောင်အား စစ်ကောင်စီက ဆူပူစေရန်လှုံဆော်မှု ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရယ် ပုဒ်မ ၂၅/၃၀ တို့ဖြင့် တရားစွဲဆိုထားရာ အောက်တိုဘာ ၄ ရက်နေ့တွင် အိုးဘိုအကျဉ်းထောင်အတွင်းရှိ အောင်မြေသာစံမြို့နယ် အထူး သီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယင်း လူတွေ့ရုံးထုတ်စစ်ဆေးမှုတွင် ပုဒ်မ ၅၀၅(ခ) အမှုအတွက် စွဲချက်တင် အမိန့်ချမှတ်ထားပြီ ဖြစ်သောကြောင့် လက်ရှိတွင် တရားခံပြသက်သေများကို ဆက်လက်စစ်ဆေးနေသည်။

“ မိသားစုနဲ့ တွေ့ခွင့် ရရှိဖို့ လျှောက်ထားတယ်။ ဖမ်းဆီးခံရစဉ်အချိန်ကတည်း က မိသားစုနှင့် လုံးဝတွေ့ခွင့်မရ သေးဘူး။ ကျန်းမာရေးကတော့ ကောင်းတာကို မြင်ရတယ်။ အသက် ၇၀ ဆိုတော့လည်း အသက်နဲ့ ညီမျှတဲ့ ကျန်းမာရေး လောက်ပေါ့။” ဟု ဒေါက်တာဇော်မြင့်မောင်အား ရုံးထုတ်လာစဉ်က တွေ့မြင်ရပုံ ကို ရှင်းပြသည်။

အောက်တိုဘာ ၄ ရက် ရုံးထုတ်စစ်ဆေးမှုတွင် ပုဒ်မ ၅၀၅(ခ)အမှုအတွက် စစ်ဆေးနိုင်ခဲ့သော်လည်း သဘာဝဘေးအန္တရာယ် ပုဒ်မ ၂၅/ ၃၀ အမှုအတွက် တရားလိုပြ သက်သေ ရဲအရှိ မရောက်လာသည့် အတွက် ရုံးတော်က ဆင့်ခေါ် ထားရှိသည်ဟုဆိုသည်။

“ အဲ့ဒီအမှုမှာ ထွက်ဆိုမယ့် ရဲအရာရှိက နယ်ပြောင်းပါသွားလို့ မလာနိုင်ဘူး။ တရားသူကြီးကတော့ မလာမချင်း ဆင့်ခေါ်ရမယ်လို့ ပြောတယ်။ ကျင့်ထုံးအရ တော့ သက်သေကို မလာမချင်းဆင့်ခေါ်ရမှာပါ။ မသေလို့ကတော့ လာကို စစ်ခံရမှာ။ မလာ လာအောင်လည်း ဆင့်ခေါ်ရမှာ” ဟု ဦးကျော်ညွှန့်က ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်အပေါ် စွဲဆိုထားသည့် အမှုနှစ်ခုနှင့် ပတ်သက်၍ ဖြေရှင်းရန်အချက်များရှိသည်ဟုဆိုကာ စက်တင်ဘာ ၂၄ရက် နေ့တွင် အောင်မြေသာစံမြို့နယ် ခရိုင်တရားရုံးက စွဲချက်အမိန့်ကို အတည်ပြုခဲ့သည်။

ယင်းနောက် ရုံးချိန်းကို စက်တင်ဘာ ၂၇ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ပြန်ခေါ် သက်သေများကို အပြီးသတ်စစ်ဆေးခဲ့သည်။ ထို့နောက် အောက်တိုဘာ ၄ ရက် သို့ ပြန်လည်ချိန်းဆိုကာ ဒေါက်တာဇော်မြင့်မောင်အပါအဝင် တရားခံပြသက် သေများကို စစ်ဆေးခဲ့သည်။

နောက်ရုံးချိန်းကို အောက်တိုဘာ ၁၁ ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး ကျန်ရှိနေ သော တရားခံပြသက်သေများကို စစ်ဆေးသွားမှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required