မြန်မာ့အရေး ချက်ချင်း အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား AI တိုက်တွန်း

မြန်မာ့အရေး ချက်ချင်း အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား AI တိုက်တွန်း

အောက်တိုဘာ ၇

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေး အဆုံးသတ်ရေးအတွက် ချက်ချင်း အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေဆဲ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားရေး ကပ်ဘေး ရပ်တန့်ရေးအတွက် နောက်ထပ် အစောတလျင် ထိရောက်သော အရေးယူမှုများကို ချမှတ်ဖော်ဆောင်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံခိုင်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြ၍ မိမိအနေဖြင့် တိုက်တွန်းပါကြောင်း AI အဖွဲ့၏ အတွင်းရေးမှူးချုပ် Agnes Callamard က အောက်တိုဘာ ၆ ရက်၌ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံသူနိုင်ငံသားများအား စည်းလုံးညီညွတ်စွာဖြင့် ကာကွယ်မှုပေးရန် ကမ္ဘာတစ်ဝန်းက အစိုးရများနှင့် စီးပွားရေးလုပ်ငန်းကိုင်ငန်းများထံ နိုင်ငံနှင့် နယ်မြေ ၁၆၁ ခုမှ လူပုဂ္ဂိုလ်ပေါင်း ၇၀၀၀၀ ကျော်ထက်မနည်း လက်မှတ်ရေးထိုးထားသည့် ပန်ကြားလွှာကို အတွင်းရေးမှူးချုပ် Agnes Callamard က ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပန်ကြားလွှာ၌ ကမ္ဘာ့တစ်ဝန်းက အစိုးရများအား မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် ကျူးလွန်သူများကို တာဝန်ခံစေရေး သံတမန် ဖိအားများ ဆက်လက်ပေးသွားရန်၊ အခွင့်အရေး ချိုးဖောက်မှုများတွင် အသုံးချနေသည့် မြန်မာစစ်တပ်အတွက် လက်နက်နှင့် အခြား ရင်းမြစ်များ စီးဝင်မှုအားလုံးကို ရပ်တန့်ပစ်ရန်၊ အာဆီယံကိုလည်း ရှင်းလင်းသော အချိန်သတ်မှတ်ချက်နှင့်အတူ ၎င်းတို့၏ ဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည်ရေး မေတ္တာရပ်ခံပေးကြရန်၊ တရားလက်မဲ့ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန်၊ ကုလသမဂ္ဂ၏ အရေးယူဆောင်ရွက်မှုများကို ထောက်ခံပံ့ပိုင်းကြရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမို ကူညီပေးရန်အတွက် အဓိကထား တိုက်တွန်းထားသည်။

ထိုပြင် ပြည်တွင်းနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုနှင့် စီးပွားဖက်ပြုခြင်းတို့က လူ့အခွင့်အရေးအပေါ် သက်ရောက်နိုင်မှုအား အကဲဖြတ်ခြင်း အပါအဝင် လူ့အခွင့်အရေးအား လေးစားလိုက်နာပါမည်ဆိုသော ၎င်းတို့၏ တာဝန်ခံမှုကို ဖြည့်ဆည်းကြရန်လည်း တိုက်တွန်းထားသည်။

အာဏာသိမ်းပြီးချိန်မှစကာ ၈ လအတွင်း မြန်မာလုံခြုံရေးတပ်များသည် လူပေါင်း ၁၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသည့် ဆန္ဒပြသူများ၊ လမ်းသွားလမ်းလာများနှင့် အခြားသော အရပ်သားများမှာ မရေတွက်နိုင်ကြောင်း အတွင်းရေးမှူးချုပ် Agnes Callamard က အိတ်ဖွင့်ပေးစာ၌ ဆိုသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့် အခွင့်အရေးများအတွက် အဓိက စိုးရိမ်ပူပန်ရခြင်းအဖြစ် ဖိနှိပ်သော ဥပဒေများဖြင့် ထင်ရာစိုင်း ဖမ်းဆီးထားသူပေါင်းကလည်း ၇၀၀၀ ကျော်ထက်မနည်း ရှိနေပြီး ဖမ်းဆီးထားရာ၌လည်း နှိပ်စက်ညှင်းပန်းမှုများ ကျူးလွန်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေကြောင်း Agnes Callmard က ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များ၏ မီဒီယာသမားများနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်ပြောဆိုသူများအား စဉ်ဆက်မပြတ် တိုက်ခိုက်ခြင်း၊ ဝက်ဘ်ဆိုက်များအား ပိတ်ဆို့ခြင်း၊ ဂြိုဟ်တုတပ်ဆင်ခြင်းများ တားမြစ်ခြင်းနှင့် အင်တာနက် ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းများအပါအဝင် ထောက်လှမ်းစောင့်ကြည့်ခြင်းများနှင့် ဆင်ဆာဖြတ်တောက်ခြင်းများ တိုးမြှင့်ဆောင်ရွက်နေပြီး လူ့အခွင့်အရေးကို နောက်ထပ် ဖိနှိပ်မှုများ ကျူးလွန်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

လက်နက်ကိုင် အုံကြွမှုများ အရှိန်မြင့်လာခြင်းကြောင့် အရပ်သားများ သေကျေထိခိုက်ကာ မကြာသေးခင်ကာလအတွင်း နေအိမ်စွန့်ခွာ ဘေးလွတ်ရာ တိမ်းရှောင်ရသူပေါင်း ၂၃၇၀၀၀ ကျော်ထက်မနည်း ရှိကြောင်း Agnes Callmard က ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးနှင့် လုံခြုံရေးတပ်များ၏ ကျန်းမာရေးစောင့်ရှောင်မှု ဝန်ထမ်းများကို ထပ်တိုက်တိုက်ခိုက်နေခြင်းများကြား ကျန်းမာရေးစနစ်မှာလည်း ချည့်နဲ့လာနေပြီး တစ်စစ ပြိုဆင်းလာလျက် ရှိနေပြီဟု ၎င်းက ပြောသည်။

ပြည်သူသန်းပေါင်းများစွာ အထူးသဖြင့် အမျိုးသမီးများသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးရခြင်းနှင့်အတူ စီးပွားရေးမှာလည်း တအိအိ ပြိုလဲလာနေကြောင်း၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူ သန်းပေါင်းများစွာ ရှိကာ လာမည့် လများတွင် ပို၍ တိုးများလာနိုင်ကြောင်း AI အတွင်းရေးမှူးချုပ် Agnes Callmard ၏ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံ အိတ်ဖွင့်ပေးစာတွင် ရေးသားတိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required