သံဃသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံထားရသည့် သံဃာတော် ၅ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးတို့ကို ၆ ရက်မြောက်နေ့ထိ အဆက်အသွယ်မရရှိသေး

သံဃသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံထားရသည့် သံဃာတော် ၅ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးတို့ကို ၆ ရက်မြောက်နေ့ထိ အဆက်အသွယ်မရရှိသေး

အောက်တိုဘာ ၇

မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းမှရဟန်းတော်ငါးပါး နှင့် လူပုဂ္ဂိုလ် သုံးဦး တို့ ဖမ်းဆီးခံရပြီး ခြောက်ရက်မြောက်နေ့အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်းရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေး ရှေ့နေအသိုင်းအဝိုင်းမှ ရှေ့နေ တစ်ဦးက “ဒီနေ့ထိကို ဘယ်မှာဖမ်းထားလဲ ။ ဘယ်လိုရှိနေလဲ ဆိုတာ ဘာမှမသိရသေးဘူး။ လိုက်စုံစမ်းနေတာပဲ သတင်းအစအန ကိုပျောက်နေတာ " ဟု မဇ္ဈိမ သတင်းဌာနကို ပြောသည်။

မန္တလေးမြို့တွင် အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း အချိန် က စစ်အာဏာရှင်ပြုတ်ကျရေး ငြိမ်းချမ်းစွာချီတက်ဆန္ဒပြကြသည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီက စစ်ကားဖြင့်ဝင်တိုက်ကာ အသံဗုံးခွဲပြီးသေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းရာ ရဟန်းတော်တစ်ပါး သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ပြီး ရဟန်းတော်ငါးပါး နှင့် လူ သုံးဦး ဖမ်းဆီးခံလိုက်ရသည်။

မန္တလေးမြတောင်ကျောင်းတိုက်အတွင်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂ ရက် ညတွင် ဝင်ရောက်စီးနင်းရှာဖွေကာ သံဃာပိုင်( သံဃိက) ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရ၊ ပျောက်ရှမှုတို့ဖြစ်ခဲ့လျှင် အကြမ်းဖက်စစ်ကောင်စီဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟုလည်း ဘွဲ့အမည်စာရင်းနှင့်တကွ သံဃသမဂ္ဂ (မန္တလေး) က အောက်တိုဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly