ပါကစ္စတန်တောင်ပိုင်းမှာ ငလျင်လှုပ်မှုကြောင့် လူ ၂၀ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ

ပါကစ္စတန်တောင်ပိုင်းမှာ ငလျင်လှုပ်မှုကြောင့် လူ ၂၀ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရ
Photo - AFP

အောက်တိုဘာ ၇

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ အောက်တိုဘာ ၇ ရက် မနက်အစောပိုင်းက မြေငလျင်တစ်ခု လှုပ်ခဲ့လို့ လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၂၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ငလျင်လှုပ်ပြီးနောက် ကျောက်မီးသွေးတွင်းလုပ်သားတချို့ မြေအောက်မှာ ပိတ်မိနေတယ်လို့ သိရပြီး ၎င်းတို့ကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေ ကြိုးစားလျက် ရှိပါတယ်။

ဘာလူချစ်စတန်ပြည်နယ်မှာ ပြင်းအား ၅ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခဲ့ပြီးနောက် သေဆုံးသူ အများအပြားဟာ ခေါင်မိုးတွေ၊ နံရံတံတိုင်းတွေ ပြိုကျမှုမှာ ပိမိသေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့်လည်း ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ဒဏ်ရာရရှိထားသူတွေကို ဖုန်းမီး၊ လက်နှိပ်ဓာတ်မီး စတာတို့ကို အသုံးပြုပြီး ကုသပေးနေရပါတယ်။

ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ဧရိယာကတော့ ဝေးလံတဲ့ တောင်ကုန်းဒေသတစ်ခုဖြစ်တဲ့ ဟာနိုင်း ဒေသဖြစ်ပြီး ယင်းဒေသမှာ ကျောက်ခင်းလမ်းတွေ မရှိတာ၊ လျှပ်စစ်မီးနဲ့ မိုဘိုင်းဆက်သွယ်ရေး ဖြန့်ကျက်မှု မရှိတာတို့ကြောင့် ကယ်ဆယ်ရေးဆိုင်ရာ အားထုတ်မှုတွေကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။

“ငလျင်ကြောင့် လူ ၂၀ လောက် သေဆုံးတယ် ဆိုတဲ့ သတင်း ရထားပါတယ်” လို့ ဘာလူချစ်စတန်ရဲ့ ပြည်ထဲရေးဝန်ကြီး မီအာ ဇီယာ အူလာ လန်ဂွာက ပြောပါတယ်။

သေဆုံးသူ ၂၀ ထဲမှာ အမျိုးသမီးတစ်ဦးနဲ့ ကလေး ခြောက်ယောက်လည်း ပါတယ်လို့ ပြည်နယ်ရဲ့ အကြီးတန်းအရာရှိတစ်ဦး ဖြစ်တဲ့ ဆူဟေးလ် အန်ဝါ ဟက်ရှ်မီက အေအက်ဖ်ပီကို ပြောပါတယ်။ “လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

“ငလျင်ကြောင့် ကျောက်မီးသွေးမိုင်းတွင်းတစ်ခုမှာလည်း မိုင်းလုပ်သား ၁၅ ယောက် ပိတ်မိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်” လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

ပါကစ္စတန်မှာ အပူချိန် လျော့ကျတဲ့ ညပိုင်းမှာ မိုင်းလုပ်သားတွေ အလုပ်လုပ်နေကျ ဖြစ်တယ်လို့ သိရပါတယ်။

ယခုအခါ အဆိုပါ မိုင်းတွင်းဆီကို ကယ်ဆယ်ရေးအဖွဲ့တစ်ခု လွှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထောက်ကူဖို့နဲ့ ဒဏ်ရာရသူတွေကို ကူညီကယ်ထုတ်ဖို့ ရဟတ်ယာဉ်တွေကိုလည်း စေလွှတ်ထားပါတယ်။

ဘာလူချစ်စတန်ရဲ့ ပြည်နယ် ဘေးဒုက္ခဆိုး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ အကြီးအကဲ နက်ဆီအာ နာဆာက ငလျင်ကြောင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly