ပြင်သစ်အထက်လွှတ်တော်က NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု

ပြင်သစ်အထက်လွှတ်တော်က NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု

အောက်တိုဘာ ၇

ပြင်သစ်အထက်လွှတ်တော်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) ကလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြင်သစ်ပါလီမန်၏ အထက်လွှတ်တော်ဖြစ်သည့် ဆိနိတ်သည် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို အသိအမှတ်ပြုရေး အဆိုတစ်ရပ်ကို ကန့်ကွက်သူမရှိ ၊တညီတညွတ်တည်းဖြင့် ထောက်ခံအတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ပြင်သစ် အထက်လွှတ်တော်က ဒီသာဓကကို ချမှတ်ခဲ့တဲ့အတွက် အင်မတန် ဝမ်းမြောက်မိပါတယ်၊ ဒီ ဥပမာအတိုင်း လိုက်လုပ်ပြီး NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အမြန်ဆုံး အသိအမှတ်ပြုကြဖို့ အစိုးရအားလုံးကို ကျွန်မတို့ တိုက်တွန်းပါတယ်” ဟု ITUC ၏ အထွေထွေအတွင်းရေးမှူးချုပ် ရှာရန် ဘာရိုးက ပြောသည်။

“မြန်မာအာဏာသိမ်းစစ်အုပ်စုအတွက် အခြေအနေတွေက ပိုမို ခက်ခဲလာပါတော့မယ်၊ အာဏာသိမ်းအုပ်စုကို ကုလသမဂ္ဂ အထွေထွေညီလာခံ ၊ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမား ကွန်းဖရင့်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ကလည်း ရှောင်ဖယ်ထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ အဖွဲ့အစည်းတွေအားလုံးဟာ အာဏာသိမ်းအုပ်စုကို လက်ခံဖို့ ငြင်းဆန်ထားခဲ့ကြပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ဒီတော့ အာဏာသိမ်းစစ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံမှာ တရားဝင်ဖြစ်တဲ့ ရွေးကောက်ခံ ခေါင်းဆောင်တွေဆီ အာဏာပြန်လွှဲပေးဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်ကျင့်သုံးဖို့ အချိန်ရောက်ပါပြီ” ဟု ၎င်းက ပြောသွားခဲ့သည်။

မြန်မာနိုင်ငံ၌ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုများ သို့မဟုတ် အခြားသော ဆန္ဒထုတ်ဖော်မှုများကြောင့် အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးထားခဲ့ရသည့် အလုပ်သမားများ၊ မိသားစုများကို ထောက်ပံ့ရန် ITUC သည် စုစည်းညီညွတ်မှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly