တရုတ်အစိုးရက တိဘက်တို့၏ လက်ရှိအခြေအနေများကို ပုံမှားအောင် လုပ်ဆောင်နေကြောင်း အဝေးရောက် တိဘက်အစိုးရ ပြောကြား

တရုတ်အစိုးရက တိဘက်တို့၏ လက်ရှိအခြေအနေများကို ပုံမှားအောင် လုပ်ဆောင်နေကြောင်း အဝေးရောက် တိဘက်အစိုးရ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ (CCP) အုပ်ချုပ်သည့် နှစ် ၇၀ အတွင်း တိဘက်များ၏ လူနေမှုဘဝများကို တိုးတက် ကောင်းမွန်စေခဲ့သည်ဟု တရုတ်အစိုးရ၏ ပြောဆိုချက်များသည် မသေချာမရေရာသည့် သမိုင်းဆိုင်ရာ အချက် အလက်များနှင့် မျက်မှောက်ခေတ်ဖြစ်ရပ်မှန်များကို လိုရာစွဲပြောဆိုခြင်းဖြစ်သည်ဟု အိန္ဒိယရှိ ပြည်ပရောက် တိဘက် အစိုးရက တရုတ်အမျိုးသားနေ့မတိုင်မီထုတ်ဝေသောစာအုပ်၌ ဖော်ပြခဲ့သည်။

မေလက ထုတ်ပြန်ခဲ့သည့် “၁၉၅၁ခုနှစ်ကတည်းက တိဘက်- လွတ်မြောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး” အမည်ရသည့် စက္ကူဖြူစာတမ်းတွင် တရုတ်အစိုးရ၏ အခိုင်အမာပြောကြားချက်ကို ပြည်ပရောက် တိဘက်အစိုးရခေါင်းဆောင် ပီမာဆာရင်းက ငြင်းဆန်ခဲ့သည်ဟု Radio Free Asia က ဖော်ပြခဲ့သည်။

“ ဒါက လွတ်မြောက်ရေး နှစ် ၇၀ မဟုတ်ပါဘူး၊ တကယ်တမ်းဖိနှိပ်မှုနဲ့ ချုပ်ချယ်မှု နှစ် ၇၀ ပါ” ဟု “တိဘက်- နှစ်ပေါင်း ၇၀ ကြာ သိမ်းပိုက်မှုနှင့် ဖိနှိပ်မှု” အမည်ရှိ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် ပြည်ပရောက် တိဘက်အစိုးရခေါင်းဆောင်က ပြောကြားခဲ့သည်။

"လွန်ခဲ့တဲ့နှစ် ၇၀ အတွင်းမ တရုတ်အစိုးရက အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး နဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ် ဆိုတဲ့ နာမည်နဲ့ တိဘက်ဒေသမှာ တိဘက်တွေကို အမြဲနှိမ်နှင်းခဲ့ပါတယ်" ဟု ပီမာဆာရင်း က ပြောကြား ခဲ့သည်။

“ တိဘက်လူမျိုးများအား နှိမ်နင်းရာတွင် လုံခြုံရေးတိုးမြှင့်ခြင်း၊ ပိုမိုပြင်းထန်သော စောင့်ကြည့်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကြောင်းပြခြင်း အပါအဝင် နည်းလမ်းပေါင်းစုံကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြု၍ တိဘက်ကို တရုတ်နှင့် ပေါင်းစည်းရန်ကြိုးပမ်းခဲ့သည်” ဟု ပြည်ပရောက် တိဘက်အစိုးရခေါင်းဆောင်၏ ပြောကြားချက်ကို ကိုးကား၍ RFA သတင်းဌာနက ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဆွစ်ဇာလန်နှင့် လက်ချင်စတိန်းရှိ တိဘက်အသိုက်အဝန်း(TCSL) တို့သည် တိဘက်တွင် လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာသည့်အတွက် တရုတ်ကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၄ ရက်က ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဆောက်အဦမှ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။

တိဘက်သည် ကမ္ဘာတွင် နိုင်ငံရေးလွတ်လပ်မှု ဒုတိယမြောက်အနည်းဆုံးဒေသဖြစ်ကြောင်းကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေး လွတ်လပ်မှုများကို အခြေခံလေ့လာသည့် “ ၂၀၂၁ ကမ္ဘာ့လွတ်လပ်ခွင့်- ဒီမိုကရေစီအတွက် ခေါင်းဆောင်မှုမရှိသော ရုန်းကန်မှု” အမည်ရသော နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly