စစ်ကောင်စီအလိုတော်ရိ ၁၀ ဦးကို NUG ကဝန်ထမ်းအဖြစ်မှ ထုတ်ပယ်

စစ်ကောင်စီအလိုတော်ရိ ၁၀ ဦးကို NUG ကဝန်ထမ်းအဖြစ်မှ ထုတ်ပယ်

အောက်တိုဘာ ၆

စစ်ကောင်စီ အလိုတော်ရိများဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအကြီးအကဲ ၁၀ ဦးကို ရာထူးမှထုတ်ပယ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာလိုက်သည်။

ပြည်သူ့ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း ကြေညာချက်ကို အောက်တိုဘာ ၅ ရက် နေ့စွဲဖြင့် NUG ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထုတ်ပယ်ခဲ့သည့် ဝန်ထမ်း ၁၀ ဦးတွင် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခတို့အပြင် မန္တလေးပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး၊ ပဲခူးပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဌာနများမှ ညွှန်ကြားရေးမှူးဆင့်ရှိသူတို့ ပါ၀င်သည်။

အဆိုပါ ဝန်ထမ်းများသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ဆက်လက်ထမ်းဆောင်ခြင်းသာမက CDM တွင်ပါဝင်သည့် ပြည်သူ့သားကောင်း ကျန်းမာရေးဝန်ထမ်းများကိုပါ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထုတ်ပယ်ခြင်း၊ တရားစွဲခြင်းများကို ယနေ့အထိ ဆက်လက်လုပ်ဆောင်နေကြောင်း NUG မှ ဆိုသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများနှင့်အတူ အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သည့် ဝန်ထမ်းအများအပြားရှိခဲ့သည်။

အလားတူ စစ်ကောင်စီဘက်မှလည်း CDM ဝန်ထမ်းများကို ဖမ်းဆီး၊ အမှုဖွင့်ခြင်းများအပြင် ဖိအားပေးခြင်း နည်းလမ်းမျိုးစုံဖြင့် တာဝန်ပြန်လည်ထမ်းဆောင်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီမှ ၎င်းတို့ကိုနည်းမျိုးစုံဖြင့်ဆန့်ကျင်သူများကိုလည်း ဖမ်းဆီး၊ သတ်ဖြတ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး အောက်တိုဘာ ၅ ရက်နေ့အထိဆိုပါက ဖမ်းဆီးခံခဲ့ရသူ ၈,၇၅၆ ဦးနှင့် ကျဆုံးခဲ့ရသူ ၁,၁၅၈ ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required