ဝီကီပီးဒီးယားက တရုတ်ပြည်မကြီးမှ ဝင်ရောက်ခြယ်လှယ်နေသူများကိုတားမြစ်

By The Hong kong Post
06 October 2021
ဝီကီပီးဒီးယားက တရုတ်ပြည်မကြီးမှ ဝင်ရောက်ခြယ်လှယ်နေသူများကိုတားမြစ်

ဝီကီပီးဒီးယားကိုကြီးကြပ်ကွပ်ကဲသောအကျိုးအမြတ်မယူအဖွဲ့အစည်းဖြစ်သည့် Wikimedia ဖောင်ဒေးရှင်းသည် မကြာသေးမီသီတင်းပတ်အတွင်းကတရုတ်ပြည်မကြီးမှ ဝီကီမီဒီယာသမားများ (Wikimedians of Mainland China) ဟုခေါ်သောဝီကီပီးဒီးယားအသုံးပြုသူ ၃၀၀ ပါ တရားမဝင်အဖွဲ့ကို စစ်ဆေးတွေ့ရှိခဲ့ပြီးအဖွဲ့မှ အချို့အယ်ဒီတာများသည် တရုတ်၏ရည်မှန်းချက်များကို ပုံရိပ်မြှင့်တင်ရန် ၎င်းတို့လုပ်ပိုင်ခွင့်များကို မတရားအခွင့်အရေးယူနေကြေင်း တွေ့ရှိခဲ့သည်။

ဖောင်ဒေးရှင်းသည် တရုတ်ပြည်မကြီးမှ အယ်ဒီတာ ၇ ဦးကို ထိုးဖောက်အသုံးချမှု သံသယဖြင့် ပိတ်ပင်ခဲ့သည်။ အမည်မသိအဖွဲ့မှ အယ်ဒီတာ ၁၂ ဦးကိုလည်း ဝင်ရောက်ပြင်ဆင်ရေးသားခွင့် ရုပ်သိမ်းခဲ့သည်။

ဖောင်ဒေးရှင်းဒု-ဥက္ကဋ္ဌမက်ဂီဒန်းနစ်က တရုတ်ဘာသာစကား ဝီကီပီးဒီးယားထိုးဖောက်ဝင်ရောက်မှုကို စုံစမ်းနေသည်မှာ ၁ နှစ်မျှကြာပြီဖြစ်ကြောင်းနှင့် စေတနာ့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် ယုံကြည်ရလောက်သော ခြိမ်းခြောက်မှုများရှိနေပြီး ဦးစားပေးအနေဖြင့် အလျင်အမြန်တုံ့ပြန်ရန် လိုအပ်သည်ဟုပြောသည်။

ထိုးဖောက်ဝင်ရောက်ခြင်း၏ ရည်ရွယ်ချက်မှာ အကြောင်းအရာများကို ထိန်းချုပ်ရန်နှင့် ရည်မှန်းချက်များကို မြှင့်တင်ရန်ဖြစ်သည်ဟု မက်ဂီကဆိုသည်။ ၎င်းအဖွဲ့က မိမိဖော်ပြလိုသည့်အကြောင်းအရာများအတွက် ဝီကီပီးဒီးယားအား တည်းဖြတ်ထိန်းချုပ်ခွင့်ရနေမှုကို ဖောင်ဒေးရှင်းက တားမြစ်ဟန့်တားလျက်ရှိသည်။

ထိုးဖောက်ဝင်ရောက်မှုသည် ဝီကီပီးဒီးယား၏ စစ်မှန်သော အခြေခံအုတ်မြစ်ကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဖောင်ဒေးရှင်းကဖော်ပြခဲ့သည်။

တရုတ်ပြည်မကြီးမှ ဝီကီမီဒီယာများအဖွဲ့ကWikimediaဖောင်ဒေးရှင်းသည် လူအုပ်စုငယ်တစ်ခုအား အခြေအမြစ်မရှိစွာပုတ်ခတ်ပြောဆိုနေသည်ဟုစွပ်စွဲခဲ့သည်။ ဖောင်ဒေးရှင်းသည် အဖွဲ့အစည်း၏ ခံစားချက်နှင့် အယူအဆများကို ဆန့်ကျင်လုပ်ဆောင်နေကြောင်းလည်း ပြောခဲ့သည်။

တရုတ်သည် တရုတ်ဘာသာ ဝီကီပီးဒီးယားကို ဝင်ရောက်ခွင့်ကို ၂၀၁၉ ခုနှစ်အတွင်း ပိတ်ပင်ခဲ့သော်လည်း အသုံးပြုသူအများစုကVirtual Private Networking (VPN) ဖြင့် အသုံးပြုနေဆဲဖြစ်သည်။

သို့သော် ဖောင်ဒေးရှင်းက ၎င်းတို့သည် တရုတ်ပြည်မကြီးအခြေစိုက် ဝီကီမီဒီယာများနှင့် ဟောင်ကောင်ရှ ိစေတနာ့ဝန်ထမ်းများအကြား ပဋိပက္ခကို သတိရှိရှိလုပ်ဆောင်ခဲ့သည်ဟု ဖြေရှင်းခဲ့သည်။

တရုတ်ပြည်မကြီးမှ ဝီကီပီးဒီးယားအသုံးပြုသူများသည် နိုင်ငံရေးနှင့်ပတ်သက်သောအကြောင်းအရာ၊ ဖြစ်ရပ်ရပ်များနှင့်ဆက်စပ်သောဝီကီပီးဒီးယားဆောင်းပါးများနှင့်ပတ်သက်၍ တည်းဖြတ်ပြင်ဆင်မှုကြောင့်  ဟောင်ကောင်နှင့် ထိုင်ဝမ်မှသုံးစွဲသူများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့ကြသည်။ တရုတ်ပြည်မကြီးမှ သုံးစွဲသူများသည် တရုတ်အစိုးရမီဒီယာကိုယုံကြည်စိတ်ချရသောအရင်းအမြစ်အဖြစ် ထင်ဟပ်စေမည့် တရုတ်ဘာသာစကားဆောင်းပါးများ ရေးသားဖော်ပြရန် ကြိုးစားလုပ်ဆောင်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly