ကျောင်းသားတွေ အစုပြုံလိုက် သတ်ဖြတ်ခံရတဲ့ ၄၅ နှစ်ပြည့် အောက်မေ့ပွဲ ထိုင်းတက်ကြွလှုပ်ရှားသူတွေ ပြုလုပ်

ကျောင်းသားတွေ အစုပြုံလိုက် သတ်ဖြတ်ခံရတဲ့ ၄၅ နှစ်ပြည့် အောက်မေ့ပွဲ ထိုင်းတက်ကြွလှုပ်ရှားသူတွေ ပြုလုပ်
Photo - AFP

အောက်တိုဘာ ၆

ထိုင်းနိုင်ငံမှာ ကျောင်းသားကျောင်းသူတွေကို ရက်စက်စွာ အစုပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နှစ်ပတ်လည်နေ့ အောက်မေ့ပွဲကို တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ကြပါတယ်။ လွန်ခဲ့တဲ့ ၄၅ နှစ်က ကျောင်းသားကျောင်းသူတွေကို လုံခြုံရေးတပ်တွေ ပစ်ခတ်ခဲ့တဲ့ နေရာမှာ သွေးအတုတွေ ပက်ဖျန်းပြီး အလောင်းတုတွေ စီချထားရင်း လူမဆန်စွာ ကျောင်းသားတွေကို အစုပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ နှစ်ပတ်လည်နေ့ အောက်မေ့ပွဲကို ဆင်နွှဲပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။ 

၁၉၇၆ ခုနှစ် အေက်တိုဘာ ၆ ရက်မှာ အာဏာပိုင်တွေနဲ့ တော်ဝင်သစ္စာခံ ပြည်သူ့စစ်တွေ ကျူးလွန်တဲ့ အဲဒီ ကျောင်းသားသတ်ပွဲဟာ ထိုင်းနိုင်ငံရဲ့ သွေးစွန်းတဲ့ သမိုင်းမှာ အမှောင်မိုက်ဆုံး နေ့ရက်တစ်ရက်အဖြစ် ထင်ကျန်ရစ်နေပါတယ်။ 

အဲဒီ ကာလက ဘန်ကောက်ရှိ ဓမ္မသတ်တက္ကသိုလ်မှာ ကျောင်းသားတွေဟာ စုရုံးကြပြီး အစောပိုင်း သုံးနှစ်တုန်းက ဖြုတ်ချခံထားရတဲ့ စစ်အာဏာရှင် ပြန်လည်အုပ်စိုးလာတာကို ဆန့်ကျင်ဆန္ဒပြကြတာပါ။ ဆန္ဒပြကျောင်းသား အနည်းဆုံး ၄၆ ဦးဟာ ပစ်ခတ်ခံ၊ ရိုက်နှက်ခံရကာ သေဆုံးပြီး တစ်ချို့ကို သစ်ပင်တွေမှာ တွဲလောင်းချိတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီ သမိုင်းဆိုးအတွက် ဘယ်သူတစ်ဦးတစ်ယောက်ကမှ တာဝန်မခံကြသလို ဒီနေ့ရက် နှစ်ပတ်လည် အောက်မေ့ပွဲတွေ ပြုလုပ်ဖို့ ကြိုးပမ်းတာတွေကိုလည်း မကြာသေးတဲ့ နှစ်တွေမှာ တက္ကသိုလ်အာဏာပိုင်တွေရဲ့ အတိုက်အခံ လုပ်တာနဲ့ ကြုံကြိုက်ရတာပဲ ဖြစ်ပါတယ်။ ဒီနှစ် အောက်မေ့ပွဲဟာလည်း အရင်အရင်နှစ်တွေလိုပဲ အာဏာပိုင်တွေရဲ့ ကဖျက်ကယက် လုပ်လာတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ဒီကနေ့ အောက်မေ့ပွဲကို လက်ဦးအစမှာ ခွင့်ပြုချက်မပေးဘဲ တားမြစ်ခဲ့ပေမယ့် ၁၁ နာရီမှာ ခွင့်ပြုပေးလာတာဖြစ်ပြီး အထင်ကရ အတိုက်အခံ ပုဂ္ဂိုလ်တွေ အပါအဝင် လူရာပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။ 

“အောက်တိုဘာ ၆ ရက်အကြောင်း ပြောကြဆိုကြတဲ့အခါ နိုင်ငံတော်ရယ်၊ ကွန်ဆာဗေးတစ်အင်အားစုတွေနဲ့ ရှေးရိုးစွဲ ဩဇာရှိသူတွေဟာ ပြည်သူတွေ မေ့လျော့သွားတာကို လိုချင်နေကြတယ်”လို့ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် သန်နာသွန်းက အေအက်ဖ်ပီကို ပြောပါတယ်။ သန်နာသွန်းရဲ့ Future Forward ပါတီဟာ ပြီးခဲ့တဲ့နှစ်က ဖျက်သိမ်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ 

“သူတို့ဟာ သမိုင်းစာမျက်နှာမှာ ဒီ အခန်းကဏ္ဍာကို ပယ်ဖျက်ပစ်ချင်နေပြီး ဒီ ဖြစ်ရပ်ဆိုး မဖြစ်ခဲ့သလို ဟန်ဆောင်ချင်နေကြတယ်”လို့ သန်နာသွန်းက ပြောပါတယ်။ 

ဒီကနေ့ အောက်မေ့ပွဲကို ဓမ္မသတ်တက္ကသိုလ်မှာ ကျင်းပပြုလုပ်တာဖြစ်ပြီး သမိုင်းဖြစ်ရပ်မှန်ကို ပုံဖော်တဲ့ သွေးရဲရဲ သံရဲရဲ ထိတ်လန့်ဖွယ် မြင်ကွင်းပုံရိပ်တွေကို သဏ္ဍာန်တု ပြုလပ်ပုံဖော်ပြသကြပါတယ်။ လူအလောင်း ပုံစံတူတွေကိုလည်း သစ်ပင်တွေမှာ ချိတ်ဆွဲသလို အထိမ်းအမှတ်နေရာအနီးမှာလည်း လှဲလျောင်းထားကြပါတယ်။ 

ထိုင်းနိုင်ငံမှာ ၂၀၂၀ နှစ်လယ်ကစလို့ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုကြီး ပေါ်ပေါက်ပြီး ၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ရေး တောင်းဆိုလာကြသလို တစ်ချိန်က မထိရဲ မတို့ရဲခဲ့တဲ့ တော်ဝင်ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးတွေကိုပါ တောင်းဆိုလာခဲ့ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required