NUG အစိုးရနှင့် ဆွေးနွေးရန် မလေးရှားဘက်က အသင့်ရှိဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

NUG အစိုးရနှင့် ဆွေးနွေးရန် မလေးရှားဘက်က အသင့်ရှိဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

အောက်တိုဘာ ၆

မြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းရန် အာဆီယံက သဘောတူထားသည့် ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ ပူးပေါင်းဆောင်ရွက်မှုကို မရရှိပါက မလေးရှားနိုင်ငံအနေဖြင့် မြန်မာ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆွေးနွေးမှု လုပ်ဆောင်ရေးကို စဉ်းစားရန် အသင့်ဖြစ်နေသည်ဟု သိရသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ယခုအချိန်ထိ အာဆီယံဘုံသဘောတူညီချက်ပါ အချက်များနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေခြင်း မရှိသေးဟု ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အသိပေးခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောသည်။

“ပြီးခဲ့တဲ့ အတိတ်ကာလတုန်းကဆိုရင် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်မလာသေးခင်ကတည်းက မလေးရှားဟာ အပြုသဘောဆောင် ဆက်ဆံပတ်သက်မှုကို အဆင်ပြေချောမွေ့အောင် လုပ်တဲ့ ပထမဆုံး နိုင်ငံ ဖြစ်ခဲ့ပါတယ်” ဟု ၎င်းက အောက်တိုဘာ ၆ ရက်က မလေးရှားအောက်လွှတ်တော်၌ မေးခွန်းမေးမြန်းမှုကို ဖြေကြားသည့် အစီအစဉ်ကဏ္ဍတစ်ခုတွင် ပြောခဲ့သည်။

အာဆီယံအဖွဲ့အနေဖြင့် မြန်မာ၏ NUG အစိုးရနှင့် ဆွေးနွေးမှု ပြုလုပ်ရသေးခြင်း မရှိသေးခင် မလေးရှားအနေဖြင့် NUG နှင့် ဆွေးနွေးမှု လုပ်ဆောင်သွားလိုသလား ဆိုပြီး မေးမြန်းခံရစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် မြန်မာစစ်ကောင်စီဘက်မှ ပူးပေါင်းလုပ်ဆောင်မှုပိုင်းတွင် တိုးတက်မှု မရှိဘူးဆိုပါက အာဏာသိမ်းခေါင်းဆောင်ကို အောက်တိုဘာ ၂၆ မှ ၂၈ အထိ ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရေး ဖိတ်ခေါ်ရန် ခက်ခဲလိမ့်မည်ဟု မလေးရှားအနေဖြင့် ထင်မြင်ယူဆထားကြောင်း ဆိုင်ဖူဒင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required