မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရာဇဝတ်မှုများကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရာဇဝတ်မှုများကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းမည်

အောက်တိုဘာ ၆

မြန်မာ-ဘင်္ဂလား‌ဒေ့ရှ် နယ်စပ်တလျောက်၌ လက်နက်၊ မူးယစ်ဆေးဝါးနှင့် လူမှောင်ခိုကူးမှု စသည့် ရာဇဝတ်မှုများအပေါ် တင်းကျပ်စွာ ကိုင်တွယ်တားဆီးသွားရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ဆုံးဖြတ်ထားကြောင်းနှင့် လိုအပ်ပါက နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဘက်က ပစ်ခတ်နှိမ်နင်းမှု လုပ်ဆောင်ရန် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ် မိုမန်က ပြောသည်။

နယ်စပ်၌ ရာဇဝတ်မှုများ မြင့်တက်နေမှုကို ထိန်းချုပ်ရန်အတွက် လိုအပ်ပါက ပစ်ခတ်နှိမ်နင်းမှု လုပ်ဆောင်ခွင့်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တပ်ဖွဲ့ဝင်များအား ခွင့်ပြုပေးမည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ဆူးလ်ဟတ် မြို့ MAG Osmani ဆေးဘက်ဆိုင်ရာ ကောလိပ် ဆေးရုံ၌ အိန္ဒိယအစိုးရက လှူဒါန်းသည့် လူနာတင်ကားနှစ်စီး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မိုမန်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်အနေနဲ့ နယ်စပ်မှာ သတ်ဖြတ်မှုတွေကို အဆုံးသတ်စေဖို့ အလေးအနက်ထားခဲ့ပါတယ်၊ ဒါကြောင့်လည်း ဒီမတိုင်ခင်တုန်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျောက် ပစ်ခတ်မှု မရှိစေရဘူးလို့ သတ်မှတ်ထားခဲ့တာပါ” ဟု ၎င်းက ပြောခဲ့သည်။

ယခုအခါ နယ်စပ်တလျောက် ရာဇဝတ်မှုများ မြင့်တက်လာနေမှုနှင့်ပတ်သက်ပြီး မကြာသေးခင်က ပြည်ထဲရေးဝန်ကြီး အေဆာဒက်ဇာမန် ခန် ကမ်မဲလ် နှင့် ပြောဆိုဆွေးနွေးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် မကြာသေးခင်က ရိုဟင်ဂျာ ခေါင်းဆောင် မူဟီဘူလာ အသတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းအနေဖြင့် အဆိုပါဖြစ်စဉ်အပေါ် နှံ့စပ်သေချာသည့် စုံစမ်းစစ်ဆေးမှုကနေတဆင့် အသေအချာစစ်ဆေးပြီး လူသတ်သမားကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ဆန္ဒရှိကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required