မြန်မာစစ်အုပ်စုကို ထပ်တိုး အရေးယူပိတ်ဆို့ရန် ရည်ရွယ်သည့် ဥပဒေမူကြမ်း အမေရိကန်‌ အောက်လွှတ်တော်တွင် တင်သွင်း

မြန်မာစစ်အုပ်စုကို ထပ်တိုး အရေးယူပိတ်ဆို့ရန် ရည်ရွယ်သည့် ဥပဒေမူကြမ်း အမေရိကန်‌ အောက်လွှတ်တော်တွင် တင်သွင်း

အောက်တိုဘာ ၆

မြန်မာအာဏာသိမ်းစစ်အုပ်စုကို ပစ်မှတ်ထားပြီး ထပ်တိုး အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်ရန် ရည်ရွယ်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်၌ အဆိုပြုတင်သွင်းခဲ့သည်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ဂရက်ဂရီ မိစ် နှင့် အခြား ဥပဒေပြုအမတ်များ အဆိုပြုခဲ့သည့် ထိုဥပဒေမူကြမ်းအရ ဖေဖေါ်ဝါရီလ မြန်မာစစ်အာဏာသိမ်းမှုအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်များ နောက်ထပ် အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရနိုင်သလို ကျောက်မျက်တင်ပို့မှုများအပေါ် ပိတ်ပင်ချက် ချမှတ်သွားရေး အချက်တစ်ခုလည်း ထည့်သွင်းပါရှိထားသည်။

“မြန်မာစစ်တပ်၊ စစ်ကောင်စီနဲ့ သူတို့နဲ့ ပတ်သက်ဆက်စပ်နေတဲ့ အစုအဖွဲ့၊ လုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဖို့ကို ခွင့်ပြုပေးခြင်းအားဖြင့် ဒီ ဥပဒေမူကြမ်းက အာဏာသိမ်းမှု ကျူးလွန်မှုနဲ့ အကျိုးဆက် ပေါ်ပေါက်လာတဲ့ လူထောင်ချီ အသက်ဆုံးရှုံးစေခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိတဲ့သူတွေကို တာဝန်ခံခိုင်းဖို့ ဖြစ်ပါတယ်” ဟု အောက်တိုဘာ ၅ ရက်က ဥပဒေမူကြမ်းနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။

ထိုဥပဒေမူကြမ်းက မြန်မာတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို ကူညီလုပ်ဆောင်ခဲ့သည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်ရေး၊ အခြေခံ လွတ်လပ်ခွင့်များကို ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အရပ်သားများအပေါ် မဆင်မခြင် အကြမ်းဖက်မှုနည်းလမ်း အသုံးပြုမှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအတွက် တာဝန်ရှိသူများအပေါ် အရေးယူရေးကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် အိမ်နီးချင်း ဘင်္ဂလား‌ဒေ့ရှ်ဆီ ထွက်ပြေးရောက်ရှိစေခဲ့သည့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုနှင့်ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု စိစစ်သတ်မှတ်မှုတစ်ခု လုပ်ဆောင်ရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ယင်းဥပဒေမူကြမ်းတွင် တိုက်တွန်းထားသည်ဟုလည်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံကနေ အမေရိကန်ဆီ ကျောက်မျက်များ တင်ပို့မှုအပေါ် တားမြစ်ပိတ်ဆို့ရေးကိုလည်း ယင်းဥပဒေတွင် ထည့်သွင်းထားသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required