အိန္ဒိယ ဂျမူးနှင့် ကက်ရှ်မီးယား၌ အလုပ်လက်မဲ့လူငယ်များ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေး အစိုးရက ကူညီပေး

အိန္ဒိယ ဂျမူးနှင့် ကက်ရှ်မီးယား၌ အလုပ်လက်မဲ့လူငယ်များ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေး အစိုးရက ကူညီပေး

အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနယ်မြေဖြစ်သော ဂျမူးနှင့် ကက်ရှ်မီးယား အစိုးရ၏ ငါးလုပ်ငန်းဌာနသည် ယခုအခါ ကက်ပ်ဝါရာ ခရိုင် ဟန်ဝါရာဧရိယာရှိ အလုပ်လက်မဲ့ဖြစ်နေသည့် လူငယ်များကို ၎င်းတို့၏ ကိုယ်ပိုင် ငါးမွေးမြူရေးကန်များ ထူထောင်လုပ်ကိုင်နိုင်စေရေးအတွက် ကူညီပေးလျက် ရှိသည်။ Pradhan Mantri Matsya Sampada Yojana (PMMSY) ဆိုသည့် အစိုးရအစီအစဥ်အောက်တွင် ဂျမူးနှင့် ကက်ရှ်မီးယား အစိုးရက ပြည်ထောင်စုနယ်မြေတွင်းရှိ အလုပ်လက်မဲ့လူငယ်များကို အကူအညီပေးနေခြင်း ဖြစ်သည်။

PMMSY သည် နိုင်ငံတွင် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယဗဟိုအစိုးရ၏ အဓိက အစီအစဥ် ဖြစ်သည်။

ငါးလုပ်ငန်းဌာနသည် လူငယ်များကို ထရောက်ငါး (Trout) မွေးမြူလုပ်ကိုင်ရန် တိုက်တွန်းလျက် ရှိသည်။

ကက်ရှ်မီးယား တောင်ကြားရှိ ဤခရိုင်ဒေသတွင် ငါးကြင်းငါးသိုင်းမျိုး မွေးမြူသည့် ငါးကန် ၂၅ ကန်နှင့် ထရောက်ငါး မွေးမြူသည့် ငါးကန် ၁၄ ကန်ကို ထူထောင်ဖော်‌ဆောင်ထားပြီးပြီ ဖြစ်ရာ ယင်းက ဒေသရှိ အလုပ်လက်မဲ့ လူငယ်များကို အကျိုးဖြစ်ထွန်းထားစေခဲ့ကာ ၎င်းတို့သည် လက်ရှိအချိန်တွင် ၎င်းတို့၏ ငါးကန်များကနေတဆင့် ဝင်ငွေ အတော်အသင့် ရရှိနေနိုင်ပြီ ဖြစ်သည်။

ထရောက်ငါး မွေးမြူမှုက ရေအရင်းအမြစ်တစ်ခုခုနှင့် နီးသည့် နေရာတစ်ခုတွင် ဖော်ဆောင် လုပ်ကိုင်နိုင်သည်။ ယခု အစီအစဥ်အောက်တွင် ငွေကြေး ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိကို ဗဟိုအစိုးရက ထောက်ပံ့ပေးပြီး ၄၀ ရာခိုင်နှုန်းကို ငါးမွေးမြူရေးကန်တွင် ရင်းနှီးလုပ်ကိုင်သူတို့က ထည့်ဝင်ကြသည်။

ယင်းအစီအစဥ်ကနေ အကျိုးအမြတ်များ ရရှိထားသည့် လူငယ်များက ၎င်းတို့၏ ကောင်းကျိုးအတွက် အိန္ဒိယဗဟိုအစိုးရနှင့် ဂျမူးနှင့် ကက်ရှ်မီးယား ငါးလုပ်ငန်းဌာနတို့က ဖော်ဆောင်ပေးသည့် လုပ်ဆောင်ချက်များကို ချီးကျူးပြောဆိုခဲ့ကြသည်။

“ကျွန်တော် နည်းပညာ မာစတာဘွဲ့ ယူထားပါတယ်၊ အိမ်မှာ တစ်နှစ်လောက် ရှိနေခဲ့ပါတယ်၊ အဲဒီနောက်ပိုင်း ငါးလုပ်ငန်းဌာနက စစ်ဆေးရေးအရာရှိက ကျွန်တော့်ကို ငါးမွေးမြူရေးကန် စလုပ်ပါလား ဆိုပြီး တိုက်တွန်းခဲ့ပါတယ်၊ ဒါကို ကျွန်တော် စလုပ်တာ ခုဆို လေးငါးလလောက် ရှိသွားပါပြီ၊ ကျွန်တော် လိုအပ်တဲ့ ငါးမျိုးစိတ်တွေကို ရူပီး ငါးသောင်းလောက်နဲ့ ဝယ်ခဲ့တယ်၊ ပြီးတော့ ရူပီး တစ်သိန်းခွဲဖိုး ငါးစာတွေလည်း ဝယ်ခဲ့တယ်၊ တစ်လကြာပြီးနောက် ရူပီး ၇ သိန်းကနေ ၈ သိန်းလောက် ဝင်ငွေရဖို့ ကျွန်‌တော်မှန်းထားပါတယ်၊ ဒါက အလုပ်လက်မဲ့ လူငယ်တွေအတွက် အင်မတန် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ၊ ဒီ အစီအစဥ်ကနေ ရလာတဲ့ အကျိုးအမြတ်တွေကို လက်မလွှတ်တမ်း ရယူကြပါလို့ အခြားလူငယ်တွေကို ကျွန်တော် တိုက်တွန်းချင်ပါတယ်၊ ကျွန်တော်က မြေနေရာတစ်ခုပဲ ပေးထားရပါတယ်၊ ကျန်တာအားလုံးကို အစိုးရက ထောက်ပံ့ပေးပါတယ်” ဟု အစီအစဥ်ကနေ အကျိုးအမြတ်ဖြစ်ထွန်းရရှိသူတစ်ဦးဖြစ်သည့် ဘက်ဆစ် ကာယွန်းမ် ခန်က ပြောသွားခဲ့သည်။

“ကျွန်တော် အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်၊ အဲဒီနောက် ကျွန်တော် ငါးလုပ်ငန်းဌာနကို သွားခဲ့တယ်၊ သူတို့က ကျွန်တော့် မြေနေရာမှာ ငါးကန်ဖော်လို့ရမရ လာကြည့်ပေးခဲ့တယ်၊ ကျွန်တော် ငါးကန်ဖော်ဖို့ ခွင့်ပြုချက် ရခဲ့တယ်၊ နှစ်နှစ်အတွင်း ငါးကန် နှစ်ကန် ကျွန်တော် ဖော်ဆောင်ထားခဲ့ပါတယ်၊ ကျွန်တော်က ပြီးခဲ့တဲ့ လေးငါးနှစ်မှာ ဒီ ငါးမွေးမြူရေးကိုပဲ လုပ်ခဲ့တာပါ၊ အဆင့်တိုင်းမှာ အကူအညီတွေ၊ လမ်းညွှန်ချက်တွေ ပေးတဲ့

ငါးလုပ်ငန်းဌာနကို ကျွန်တော် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် နေတဲ့ ဧရိယာက လူတွေအတော်များများလည်း ဒီအစီအစဥ်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်၊ ဒီအစီအစဥ်က အကျိုးအမြတ် အတော်လေး ဖြစ်ထွန်းပါတယ်” ဟု အခြား အကျိုးအမြတ်ရရှိသူတစ်ဦးဖြစ်သည့် အဗ္ဘဒူလ် အေဟက်ဒ် ဝါနီကလည်း ပြောသွားခဲ့သည်။

ဟန်ဝါရာ ဧရိယာမှ ငါးလုပ်ငန်းဌာန စစ်ဆေးရေးအရာရှိ နာဇီအာ အာမက်ဒ် လုန်းက ပြောကြားရာတွင် ငါးကြင်းငါးသိုင်းမျိုးနှင့် ထရောက်ငါး ဆိုသည့် ငါး အမျိုးအစားနှစ်မျိုးက ယင်းတို့ကို မွေးမြူရန်အတွက် လုံးလုံးလျားလျား မတူညီသော ပတ်ဝန်းကျင်အနေအထားများ လိုအပ်သည်ဟု ဆိုသည်။

“ငါးကြင်းငါးသိုင်းမျိုး မွေးမြူမှုကတော့ မြေနေရာနဲ့ ရေအများအပြား ရှိတဲ့ နေရာမှာ မွေးမြူရပါတယ်၊ မြေက သဲဆန်တာမျိုး မဖြစ်ရပါဘူး၊ ထရောက်ငါးကျတော့ အေးတဲ့ ရေထဲမှာ ရှင်သန်မွေးမြူနိုင်ပြီး အဓိကအနေနဲ့ ကုန်းတွင်းပိုင်း ဧရိယာတွေမှာ မွေးမြူကြရပါတယ်” ဟု နာဇီအာက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly