ပါကစ္စတန်အနီး နယ်စပ်ဖြတ်ကျော်နေရာသို့ ရောက်ရှိလာသော အာဖဂန်ထောင်နှင့်ချီကို တာလီဘန်တို့ တားမြစ်ပြီး နောက်ကြောင်းပြန်လှည့်ခိုင်း

ပါကစ္စတန်အနီး နယ်စပ်ဖြတ်ကျော်နေရာသို့ ရောက်ရှိလာသော အာဖဂန်ထောင်နှင့်ချီကို တာလီဘန်တို့ တားမြစ်ပြီး နောက်ကြောင်းပြန်လှည့်ခိုင်း

အမိနိုင်ငံထဲရှိ ဆင်းရဲဒုက္ခ ကံဆိုးမှုတို့ကနေ လွတ်မြောက်နိုင်ရေးအတွက် နိုင်ငံပြင်ပသို့ ထွက်ခွာရန် ကြိုးပမ်းနေသော အာဖဂန်နစ္စတန်ပြည်သူ ထောင်နှင့်ချီတို့သည် ၎င်းတို့နိုင်ငံ တောင်ဘက်ရှိ ပါကစ္စတန်နှင့်အကြား နယ်စပ်ဖြတ်ကျော် နေရာသို့ အလုံးအရင်းဖြင့် ရောက်ရှိခဲ့ကြသော်လည်း နယ်စပ်ဖြတ်သန်းရန် ၎င်းတို့၏ ကြိုးပမ်းမှုများမှာ တာလီဘန်တို့၏ ဟန့်တားပိတ်ဆို့မှုနှင့် ကြုံခဲ့ရသည်။

ပါကစ္စတန်နှင့် မီတာရာဂဏန်းအနည်းငယ်သာ ကွာဝေးသည့် စပင်ဘိုးဒက်ခ် နယ်စပ်ကုန်သွယ်ရေးမြို့ရှိ မြေဖို့လမ်းတစ်လမ်းတွင် ထိုင်နေခဲ့သည့် ဇက်ကာရီအူလာက ပြောကြားရာတွင် ၎င်းသည် နယ်စပ်ဖြတ်ကျော်ပြီး ပါကစ္စတန်ဘက်သွားရန် အကြိမ်ပေါင်း ၆ ကြိမ်ထက်မနည်း ကြိုးစားထားခဲ့သော်လည်း တားမြစ်ခံရပြီး

နောက်ကြောင်းပြန်လှည့်ခိုင်းခံခဲ့ရကြောင်း၊ အချို့အခိုက်အတန့်များတွင် အကြမ်းပတမ်းပင် နောက်ပြန်လှည့်ခိုင်းခံခဲ့ရသည်ဟု ပြောသည်။

“သက်ဆိုင်ရာ နယ်စပ်ဖြတ်သန်းမှု စာရွက်စာတမ်းတွေရှိတဲ့ ဒီ ဧရိယာက လူတွေကိုပဲ ခွင့်ပြုတယ်လို့ သူတို့ ပြောပါတယ်” ဟု အသက် ၂၅ နှစ်ရှိ စိုက်ပျိုးမွေးမြူရေးသမားတစ်ဦး ဖြစ်သလို ကလေး သုံးယောက်ဖခင်လည်း ဖြစ်သည့် ဇက်ကာရီအူလာက သီတင်းပတ်ကုန်က အေအက်ဖ်ပီကို ပြောသည်။

“ကျွန်တော်တို့ နယ်စပ်ဖြတ်ပြီး အဲဒီမှာ သွားအလုပ်လုပ်ချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီမှာ ဘာအလုပ်မှ မရှိလို့ပါ”

တာလီဘန် အုပ်ချုပ်သူသစ်များက အာဖဂန်များအနေဖြင့် နိုင်ငံတွင်သာ ဆက်နေကြရန် လိုပြီး ပဋိပက္ခ ဒဏ်ရာဒဏ်ချက်များ ကြုံတွေ့ထားရသည့် နိုင်ငံကို ပြန်လည် တည်ဆောက်ရန်လိုကြောင်း အခိုင်အမာ ပြောထားသည်။

“သူတို့က ပြောကြတယ်၊ ‘ဒါ မင်းတို့ နိုင်ငံ၊ မင်းတို့ မထွက်ခွာသင့်ဘူး’ ဆိုပြီး သူတို့ ပြောကြတယ်လေ” ဟု နိုင်ငံကနေ ထွက်ပြေးရန် ကြိုးပမ်းနေသူတစ်ဦးဖြစ်သည့် ရာမာဒင် ဝါဒက်ခ်ကလည်း ပြောသည်။

နယ်စပ် တစ်ဘက်ခြမ်းတွင်လည်း ပါကစ္စတန် ချာမန်းမြို့မှ နယ်စပ်တာဝန်ရှိသူများက ၎င်းတို့နိုင်ငံထဲဝင်လာရန်အတွက် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းနေသူများကို တားမြစ်နေခဲ့သည်ဟု သိရသည်။

“နေ့စဥ် လူပေါင်း ၈,၀၀၀ ကနေ ၉,၀၀၀ လောက်ဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မပါဘဲ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားကြလို့ သူတို့ကို နောက်ကြောင်းပြန်လှည့်ခိုင်းရပါတယ်” ဟု တာလီဘန် နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် မူလာ မော်လ်ဗီ ဟက်ယာက အေအက်ဖ်ပီကို ပြောသည်။

အာဏာပိုင်များဘက်က အာဖဂန်ပြည်သူများနှင့် မိသားစုများ နိုင်ငံထဲကနေ မထွက်ခွာကြရန် ပြောကြားထားခဲ့ကြောင်း ကန်ဒါဟာ ပြည်နယ်မှ တာလီဘန်အရာရှိတစ်ဦးဖြစ်သည့် မော်လ်ဗီ နိုအာ မိုဟာမက် ဆိုင်အိဒ်က ပြော ခဲ့သည်။

“ဒါမျိုး လုပ်တာက ခင်ဗျားအနေနဲ့ ခင်ဗျားတို့ အာဖဂန် ယဥ်ကျေးမှုကို အလေးမထားရာ ရောက်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ သြဂုတ်လလယ်က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး နိုင်ငံခြားအကူအညီငွေကြေးများလည်း ကုန်ခန်းသွားခဲ့ပြီးနောက် စီးပွားရေးပြိုလဲမှု ဖြစ်လုနီးနီး ဖြစ်နေသည့် နိုင်ငံက‌နေ ထွက်ခွာရန် အာဖဂန်ပြည်သူအများအပြားက စိတ်အားထက်သန်နေကြသည်။

အလုပ်အကိုင်များ ပျောက်ကွယ်ထားခဲ့သလို စိုက်ပျိုးရေးသမားများသည်လည်း မိုးခေါင်မှု၏ သက်ရောက်မှုနှင့် ရင်ဆိုင်ရုန်းကန်နေကြရသည်။

ယင်းနိုင်ငံ လူဦးရေ၏ သုံးပုံ တစ်ပုံခန့်သည် အငတ်ဘေး၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂကလည်း သတိပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly