ကမ္ဘာတစ်ဝှမ်း တရုတ်ဩဇာလွှမ်းမိုးမှု ကြီးမားလာခြင်းကို ပြင်သစ် စစ်ဖက်ဆိုင်ရာ အစီရင်ခံစာတွင် သတိပေး

ကမ္ဘာတစ်ဝှမ်း တရုတ်ဩဇာလွှမ်းမိုးမှု ကြီးမားလာခြင်းကို ပြင်သစ် စစ်ဖက်ဆိုင်ရာ အစီရင်ခံစာတွင် သတိပေး

ပြင်သစ်မှ လူသိများကျော်ကြားသော စစ်ကောလိပ် (Irsem) ၏ မဟာဗျူဟာသုတေသနအင်စတီကျုက ထုတ်ပြန်သော ကျယ်ပြန့်၍ အသေးစိတ်ကျသည့်အစီရင်ခံစာတစ်ခုတွင် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မိမိရည်မှန်းချက်အောင်မြင်ရေးကိုသာဦးတည်သော တရုတ်သည် တစ်ကမ္ဘာလုံးကို ၎င်း၏ ဩဇာလွှမ်းမိုးရန် ဖြန့်ကြက်ကွန်ရက်တစ်ခု တည်ဆောက်နေသည်ဟု ဖော်ပြထားသည်။

“တရုတ်လွှမ်းမိုးမှုစစ်ဆင်ရေး - မက်ခီယာဗယ်လီအခိုက်အတန့်” ခေါင်းစဉ်ရှိ စာမျက်နှာ ၆၅၀ ပါ အစီရင်ခံစာတွင် အနောက်နိုင်ငံများ၏ ထင်မြင်ချက်များကို ထိန်းချုပ်လွှမ်းမိုးရန် တရုတ်ကအသုံးပြုသော လျှို့ဝှက်သော၊ များစွာ လျှိူ့ဝှက်မှုမရှိသောအဖွဲ့အစည်း အလွှာများ၊ လုပ်ဆောင်ချက်များနှင့် ဒီဇိုင်းများကို ဖော်ထုတ်ထားသည်။

ဟားဗက်နှင့် တရုတ်၏ ဂုဏ်သိက္ခာအရှိဆုံးတက္ကသိုလ် Qinghua တို့မှအသိအမှတ်ပြုခံထားရသည့် ထောက်လှမ်းရေးကျွမ်းကျင်ပညာရှင် တရုတ်အရေးကျွမ်းကျင်သူ ပေါလ်ချာရွန်နှင့် လုံခြုံရေးဆိုင်ရာအထူးကျွမ်းကျင်သူ နိုင်ငံရေးသိပ္ပံပညာရှင် ယန်းဘတ်တစ် ယန်းဂျီနီးဗီလ်မာတို့ ပူးပေါင်းရေးသားသည့် အစီရင်ခံစာသည် ပြင်သစ်၌ထုတ်ဝေခဲ့သမျှတွင် တရုတ်၏ဝါဒဖြန့်ချိရေးယန္တရားကို အကျယ်ပြန့်ဆုံးဆန်းစစ်လေ့လာမှု ဖြစ်နိုင်သည်။

တရုတ်က ၎င်းတို့သည် ကမ္ဘာတွင် အပြုသဘောဆောင်ပုံရိပ်အဖြစ်ပြသလျက် ကြောက်ရွံ့မှုထက် မေတ္တာထားခြင်းခံရမှုကို ကာလရှည်ကြာ လိုချင်နေခဲ့ပြီး ဖျားယောင်းသွေးဆောင်လိုသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

“တရုတ်၏ လွှမ်းမိုးမှု စစ်ဆင်ရေးများသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ အားကောင်းလာခဲ့ပြီး နည်းလမ်းများသည် ရုရှားတို့အသုံးချသည့်နည်းလမ်းများနှင့် ပို၍တူလာသည်ဟု အစီရင်ခံစာက ဆိုသည်။

ပြည်ပရှိ အများပြည်သူ အမြင်သဘောထားများကို အကြံပေးအဖွဲ့များ၊ ကွန်ဖြူးရှပ်အင်စတီကျူးရှင်းများနှင့် မီဒီယာများမှတစ်ဆင့် အပြင်းအထန် ကြိုးကိုင်ခြယ်လှယ်ရန် အားထုတ်မှုအပါအဝင် အနူးညံ့ဆုံး ( အများပြည်သူဆိုင်ရာသံတမန် ဆက်ဆံရေး) မှ အန္တရာယ်အပေးနိုင်ဆုံး (လျှို့ဝှက်ဆောင်ရွက်သော လှုပ်ရှားမှုများ) အထိ တရုတ်၏ နိုင်ငံရပ်ခြားဩဇာလွှမ်းမိုးမှုနည်းလမ်းများကို အစီရင်ခံစာက အသေးစိတ် ပုံဖော်ပြထားသည်။

ဝံပုလေစစ်သည် သံခင်းတမန်ခင်း

တရုတ်သံတမန်တစ်ဦးချင်းစီသည် စာများ သို့မဟုတ် ရုပ်မြင်သံကြားအင်တာဗျူးများဖြင့် ၎င်းတို့ အိမ်ရှင်နိုင်ငံများအား တိုက်ခိုက်မည့် ရန်လိုသော ဝံပုလွေစစ်သည် သံခင်းတမန်ခင်းနည်းလမ်း ပုံစံတိုး၍ လုပ်ဆောင်လာသလို ထိုင်ဝမ်၊ စင်္ကာပူ၊ ဆွီဒင်၊ ကနေဒါတို့တွင် ဥပမာဖြစ်ရပ်များ၊ ၂၀၁၉ ဟောင်ကောင်ဆန္ဒပြပွဲများကို ပစ်မှတ်ထားသော စစ်ဆင်ရေးများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် အမေရိကန်မှစတင်ခဲ့သည်ဟု လူများယုံကြည်စေရန်ကြိုးပမ်းအားထုတ်မှုများရှိခဲ့သည်။

ပြင်သစ်စစ်တပ်၏ ဩဇာရှိသောအဖွဲ့မှ ထုတ်ပြန်လိုက်သော အစီရင်ခံစာသည် တရုတ်ကို ရှုမြင်သည့် ယုံကြည်မှု ကင်းမဲ့ခြင်း သံသယတိုးပွားလာမှုကို ဖော်ပြထားသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တရုတ်၏ တင်းမာသော နိုင်ငံရေးနှင့်သံတမန်ရေးရပ်တည်ချက်ကို တုံ့ပြန်သည့်အနေဖြင့် အီးယူ၊ ဗြိတိန်၊ အမေရိကန်၊ ဂျပန်နှင့် တခြားနိုင်ငံများသည် တရုတ်နှင့်ဆက်ဆံရေးအပေါ် သတိကြီးကြီးထားမှုကို ပြသခဲ့ကြသည်။

နောက်ဆုံးအခြေအနေတွင် အမေရိကန်၊ ယူကေနှင့် ဩစတြေးလျတို့သည် တရုတ်၏ ကြီးထွားလာသောလွှမ်းမိုးမှုကိုအကြွင်းမဲ့ တန်ပြန်တိုက်ဖျက်ရန် ရည်ရွယ်သည့် "AUKUS" မဟာဗျူဟာမြောက်မိတ်ဖက်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly