မုံရွာမြို့တွင် ဂျိုင်းထောက်ဖြင့် လှည့်လည်သွားလာနေသည့် စစ်ကောင်စီသတင်းပေး အသတ်ခံရ 

မုံရွာမြို့တွင် ဂျိုင်းထောက်ဖြင့် လှည့်လည်သွားလာနေသည့် စစ်ကောင်စီသတင်းပေး အသတ်ခံရ 

အောက်တိုဘာလ ၅ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ရှိ ရပ်ကွက်များတွင် ဂျိုင်းထောက်ဖြင့် လှည့်လည်သွားလာနေသည့် စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦး ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက အသတ်ခံရ‌ကြောင်း ဒေသခံများထံက သိရသည်။ 

“ဒလန်နဲ့ ပတ်သက်ဖူးတဲ့ ဒလန်အကြောင်းသိတဲ့ နယ်ခံတွေနဲ့ အဖွဲ့တချို့က အကူအညီတောင်းထားတာကြာပါပြီ။ အမှန်က ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Mission တစ်ခုပါ။ မြေပြင်အဖွဲ့က မနက် ၉ နာရီမှာ ဓာတ်ပုံနဲ့တကွ ဒလန်ရှင်းတာအောင်မြင်ကြောင်း သတင်းလှမ်းပို့ပါတယ်။ ဝမ်းဗိုက်မှာ ဓားဒဏ်ရာ နှစ်ချက်နဲ့ နေရာမှာပဲ သေသွားပါတယ်” ဟု South Monywa PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အသတ်ခံခဲ့ရသူ စစ်ကောင်စီသတင်းပေး ကိုအောင်စိုးသည် ပြည်တော်သာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်းနှင့်  တိုင်းရင်းဆေးရုံလမ်းထောင့်ရှိလက်ဖက်ရည်ဆိုင်အနီးတွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

“အမှန်တရားကို နားလည်ပြီး အမှန်တရားဘက်မှာ အားလုံးရပ်တည်ပေးကြစေချင်ပါတယ် ။ လက်ရှိ လမ်းမှားလိုက်နေကြသူတွေနဲ့ အမှန်တရားကို မျက်ကွယ်ပြုထားသူတွေအနေနဲ့ အချိန်မနှောင်းခင် လမ်းမှန်ပေါ်ပြန်ရောက်စေချင်ပါတယ် ။ ဒီအလုပ်တွေက မဖြစ်လို့ လုပ်နေရတာပါ။ ပြည်သူအားလုံး အမှန်တရားကို လက်ကိုင်ထားကြမယ်ဆိုရင် ဒီတော်လှန်ရေးကြီး မြန်ဆန်စွာ အောင်မြင်နိုင်ပါလိမ့်မယ် ”ဟု South Monywa PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အသတ်ခံရသည့် အမျိုးသားသည် မုံရွာမြို့၊ သာစည်လမ်းတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲစဉ်က စားသောက်စရာများ ပို့ပေးနေသူတစ်ဦးဖြစ်ကြောင်းဒေသခံများထံက သိရပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ရောက်ရှိလာကာ စစ်ဆေးမှုတချို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly