ထိုင်းမှာ ကျောင်းသားကျောင်းသူတွေကို COIVD-19 ကာကွယ်ဆေး စတင်ထိုးနှံပေး 

ထိုင်းမှာ ကျောင်းသားကျောင်းသူတွေကို COIVD-19 ကာကွယ်ဆေး စတင်ထိုးနှံပေး 

အောက်တိုဘာလ ၅ ရက်

ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၁ ရက်ကျရင် ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ အစိုးရက စီစဉ်ထားတာကြောင့် အရှိန်မြှင့်တင်ဆောင်ရွက်မှုအဖြစ် နိုင်ငံတစ်ဝန်းက အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြားရှိ ကျောင်းသားကျောင်းသူ ၃ ဒသမ ၆၁ သန်းကို Pfizer COVID-19 ကာကွယ်‌ဆေး ထိုးနှံပေးဖို့ ရည်သန်ပြီး တနင်္လာနေ့မှာ စတင်ထိုးနှံပေးပြီ ဖြစ်ပါတယ်။ 

ကူးစက်ဖြစ်ပွားမှု နှုန်ထား မြင့်မားတဲ့ ပြည်နယ်တွေက ကျောင်းသားကျောင်းသူ၊ ဆရာဆရာမနဲ့ အခြား ပညာရေးဝန်ထမ်းတွေရဲ့ ၈၅ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးပြီးမှ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ 

“ကျွန်တော် နည်းနည်းတော့ စိုးရိမ်ပူပန်ပါတယ်၊ နိုင်ငံတွင်းမှာ Pfizer ကာကွယ်ဆေးတွေကို တွင်တွင်ကျယ်ကျယ် ထိုးနှံပေးရသေးတာ မဟုတ်ဘူးလေ၊ ဒီ ဆေးကို အစောဆုံး ထိုးနှံခံရသူတွေထဲ ကျွန်တော်တို့က ပါဝင်တာမို့ ဖျားတာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာတော့ စိုးရိမ်မိတယ်”လို့ ကာကွယ်ဆေး ထိုးနှံခံတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသား ဆာဂျန်ဆတ်က ပြောပါတယ်။ 

အသက် ၁၅ နှစ်အရွယ် ဆူသီချတ်ဆိုတဲ့ ကျောင်းသူကတော့ “ကာကွယ်ဆေးကို ပိုပြီး စောစောကတည်းက ထိုးပေးသင့်တာပေါ့၊ ဘာကြောင့်လဲဆိုတော့ ကျောင်းတက်လို့မှ မရတာ၊ သူငယ်ချင်းတွေကို လွမ်းလှပြီ၊ တက်ခဲ့ရတဲ့ စာသင်ခန်းတွေကိုလည်း လွမ်းတယ်၊ ကာကွယ်ဆေး စောစောထိုးပြီး ကျောင်းစောစော တက်ချင်မိတယ်”ဆိုပြီး ပြောပါတယ်။ 

ဘန်ကောက်မြို့တော်မှာတင် ကာကွယ်ဆေး ထိုးနှံခံဖို့ စာရင်းပေးတဲ့ အသက် ၁၂ နှစ်နဲ့ ၁၈ ကြား အထက်တန်းကျောင်းသားကျောင်းသူပေါင်း ၈၈ ရာခိုင်နှုန်း ရှိတယ်လို့ မြို့အာဏာပိုင်တွေက ဆိုပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေး ထိုးနှံခွင့်ရှိသူ ကျောင်းသားကျောင်းသူ ငါးသန်းကျော်ထက်မနည်းမှာ ၃ ဒသမ ၆ သန်းက စာရင်းပေးထားတယ်လို့ တရားဝင်စာရင်းတွေအရ သိရပါတယ်။ 

ထိုင်းနိုင်ငံမှာ လူဦးရေ ၆၆ သန်းရဲ့ ၃၁ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးပြီးပြီး ကူးစက်ဖြစ်ပွားနှုန်း ကျဆင်းလာတဲ့ ဘန်ကောက်မှာလည်း ကန့်သတ်တားမြစ်ချက် တော်တော်များများကို ဖြေလျှော့ပေးလာပါတယ်။ 

ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်အကောင်အထည် ဖော်နိုင်မှ နိုင်ငံရဲ့ စီးပွားရေးမှာ အဓိက အားထားနေရတဲ့ ခရီးသွားလုပ်ငန်းကို ပြိုဆင်းစေတဲ့ ၁၈ လကြာ ကန့်သတ်စည်းမျဉ်းတွေ ရုပ်သိမ်းနိုင်ပြီး နိုင်ငံခြားဧည့်သည်တွေကို မြန်မြန်ဆန်ဆန် ပြန်ပြီးတော့ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly