‘Pandora Papers’ လျှို့ဝှက်စည်းစိမ်များ ပေါက်ကြားမှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ အပြင်းအထန် ကာကွယ် 

‘Pandora Papers’ လျှို့ဝှက်စည်းစိမ်များ ပေါက်ကြားမှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ အပြင်းအထန် ကာကွယ် 

အောက်တိုဘာလ ၅ ရက်

အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်တဲ့ အာမခံရှိသော ပိုင်ဆိုင်မှု assets တွေကို လျှို့ဝှက်ဖုံးကွယ်ထားဖို့အတွက် နိုင်ငံအကြီးအကဲတွေဟာ ဝင်ငွေခွန်သက်သာမှုကြောင့် အခြားနိုင်ငံမှာ ပိုင်ဆိုင်မှု ထားရှိခြင်းဆိုတဲ့ ပြည်ပအခွန်သက်သာစေမှု offshore tax havens တွေကို ဘယ်လို အသုံးချဆောင်ရွက်ခဲ့ကြတယ်ဆိုတဲ့အကြောင်း အသေးစိတ်ဖော်ပြထားတဲ့ မှတ်တမ်းမှတ်ရာ သန်းနဲ့ချီ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ တနင်္လာနေ့မှာ အပြင်းအထန် ခုခံကာကွယ်လာကြပါတယ်။ 

လက်ရှိနဲ့ ယခင် နိုင်ငံတော်အကြီးအကဲတွေနဲ့ ပြင်သစ် အရှေ့တောင်ဖက်စွန်းထောင့်က ဖရန့်ရီဗီယားကမ်းရိုးတန်းနဲ့ မွန်တီကာလိုနဲ့ ကယ်လီဖိုးနီးယားတို့မှာ ဇိမ်ခံအပန်းဖြေအိမ်ကြီးတွေ ပိုင်ဆိုင်ထားတဲ့ မှတ်တမ်းတွေအပါအဝင်ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတွေကနေ အချက်အလက်မှတ်တမ်းပေါင်း ၁၁ ဒသမ ၉ သန်းနီးပါး ပေါက်ကြားခဲ့တာပါ။ 

အဲဒီ ပေါက်ကြား သတင်းအချက်အလက်တွေကို ‘Pandora Papers’ မှတ်တမ်းလို့ ခေါ်ဆိုကြပြီး အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းသတင်းသမားများ ယာယီညွှန့်ပေါင်းအဖွဲ့ ICIJ က လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ ‘Pandora Papers’ မှတ်တမ်းပါ အကြောင်းအရာတွေကို The Washington Post၊ BBC နဲ့ The Guardian တို့အပါအဝင် မီဒီယာမိတ်ဖက်တွေက ဖော်ပြခဲ့ကြပါတယ်။ 

မှတ်တမ်းမှာ ပါရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့ အကျင့်ပျက်ခြစားမှုကနေ ငွေကြေးခဝါချမှုနဲ့ အခွန်ရှောင်တိမ်းမှုအထိ စွပ်စွဲချက်တွေနဲ့ ငြိစွန်းနေနိုင်တာပဲ ဖြစ်ပါတယ်။ 

ပြည်ပမှာ assets တွေ ပိုင်ဆိုင်ထားမှု ဒါမှမဟုတ် အခွန်လျှော့ပေါ့သက်သာခွင့်ရရေးအတွက် အယောင်ပြ ဘဏ္ဍာရေး ဝန်ဆောင်မှု ကုမ္ပဏီ shell companies တွေကို အသုံးပြုတာမျိုးက နိုင်ငံအများစုမှာ တရားမဝင်တဲ့ ဥပဒေဘောင်အပြင်ဖက်က လုပ်ရပ်မျိုးတော့ မဟုတ်ပါ။ ဒါပေမဲ့ ချွေတာရေး လုပ်ငန်းစဉ်တွေကို စောင်းပေးပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကြွေးကြော်လှုံ့ဆော်တဲ့ အကြီးအကဲတွေအနေနဲ့တော့ ပြည်ပ assets တွေ ပိုင်ဆိုင်မှု ရှိထားတာ ဒါမှမဟုတ် shell companies တွေကို အသုံးချနေတာတွေ လုပ်ဆောင်ထားကြောင်း ပေါ်ပေါက်ခဲ့ရင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရပြီး ဂယက်ရိုက်ခတ်ခံရတော့တာပဲ ဖြစ်ပါတယ်။ 

အခု ‘Pandora Papers’ မှတ်တမ်းမှာ ရုရှသမ္မတ ဗလာဒီမာပူတင်ရဲ့ နာမယ် မပါဝင်ပေမယ့် သူနဲ့ ကလေးတစ်ဦး ရထားတယ်လို့ သတင်းအရ သိရတဲ့ ရုရှအမျိုးသမီးတစ်ဦး ဝယ်ယူထားတဲ့ ပင်လယ်ကမ်းစပ် အိမ်ကြီးအပါအဝင် မိုနာကိုက လျှို့ဝှက်ပိုင်ဆိုင်မှု assets တွေနဲ့ ပူတင်ဟာ မကင်းရာ မကင်းကြောင်း ပတ်သက်နေပါတယ်။ 

“ဒါဟာ သက်သေမခိုင်လုံဘဲ တစ်စီတစ်တန်းကြီး အတည်ပြုပြောနေကြတာလို့ပဲ ဆိုချင်ပါတယ်”ဆိုပြီး ရုရှအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပီစကော့ဗ်က ပြောပါတယ်။ 

“ပူတင်ရဲ့ အတွင်းစည်းက ပုဂ္ဂိုလ်တွေမှာ သိုဝှက်ဖုံးကွယ်ထားတဲ့ စည်းစိမ်ဥစ္စာ ချမ်းသာမှုဆိုတာမျိုး ဘာဆိုဘာမှ ကျွန်တော်တို့ မမြင်တွေ့ဖူးဘူး”လို့ သူက ပြောပါတယ်။ 

အကျင့်ပျက်ခြားစားမှု တိုက်ဖျက်ရေးကို အသံဟစ်ကြွေးတဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးဟာ လန်ဒန်မှာရှိတဲ့ တန်ဖိုးကြီး အိမ်ခြံမြေယာ သုံးနေရာ ဝယ်ယူရာမှာ ပြည်ပအကျိုးဆောင်ကုမ္ပဏီကွန်ရက်ကို အသုံးပြုခဲ့တယ်ဆိုပြီး ICIJ က ထုတ်ပြန်တဲ့ Pandora Papers မှာ ဖော်ပြထားပါတယ်။ 

ဒါပေမဲ့ ဇယ်လန်စကီးရဲ့ သမ္မတရုံးကတော့ ရုရှလိုလားတဲ့ အရင် သမ္မတ ယာနော့ကိုဗစ်ရှ် အုပ်စုရဲ့ “ရန်လိုတဲ့ လုပ်ရပ်”တွေအဖြစ် ပြောဆိုရင်း ဇယ်လန်စကီးကို အကာအကွယ်ပေးတဲ့ လမ်းကြောင်းပေါ် ရပ်တည်ထားပါတယ်။ 

အခု Pandora Papers မှာ ဂျောဒန်ဘုရင် အဒူလာ ၂ ဟာ ကယ်လီဖိုးနီးယားကနေ လန်ဒန်အထိ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိ အိမ်ခြံမြေရာ အမြောက်အမြား ဝယ်ယူရာမှာ ပြည်ပကုမ္ပဏီကွန်ရက်ကို ဖန်တီးပြီး အခွန်သက်သာရာ ရအောင် လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီ ဖော်ပြချက်နဲ့ ပတ်သက်လို့ ‘လိုရာဆွဲ မုသားဆင်’ တဲ့ သတင်းပဲ ဖြစ်တယ်ဆိုပြီး ဂျော်ဒန်နိုင်ငံက ပယ်ချခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly