ယခု ဆယ်စုနှစ်အတွင်း အိန္ဒိယစီးပွားရေးတိုးတက်မှု ပျမ်းမျှ ၇ ရာခိုင်နှုန်းကျော် ရှိမည်ဟု မျှော်မှန်း

ယခု ဆယ်စုနှစ်အတွင်း အိန္ဒိယစီးပွားရေးတိုးတက်မှု ပျမ်းမျှ ၇ ရာခိုင်နှုန်းကျော် ရှိမည်ဟု မျှော်မှန်း

အားကောင်းသည့် စီးပွားရေးဆိုင်ရာ အခြေခံအကြောင်းတရားများနှင့်အတူ အိန္ဒိယစီးပွားရေးသည် ယခု ဆယ်စုနှစ်အတွင်း နှစ်အလိုက် တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းကျော် ရှိလိမ့်မည်ဟု အိန္ဒိယအစိုးရ၏ စီးပွား‌ရေးအကြံပေးအရာရှိချုပ် ကေ ဗီ ဆူဘရာမန်နီယန်က စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းက ဂဏန်းနှစ်လုံးဖြင့် ဖြစ်လိမ့်မည် ဖြစ်ပြီး ယင်းက လာမည့် ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ နှင့် ၇ ရာခိုင်နှုန်းအကြားကို လျော့ကျနိုင်သည်ဟု ၎င်းက ပြောသည်။

၂၀၂၂ မတ်လတွင် ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာနှစ်အတွင်း ဂျီဒီပီ တိုးတက်မှု ၁၁ ရာခိုင်နှုန်း ရှိမည်ဟု ယခုနှစ် ဇန်နဝါရီက ထုတ်ပြန်ခဲ့သည့် ၂၀၂၀-၂၁ စီးပွားရေးဆန်းစစ်လေ့လာချက်တွင် ခန့်မှန်းထားခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများကနေတဆင့် ထုတ်ကုန်မြှင့်တင်ရန် အခွန်အကောက် လျှော့ပေးမှုကို ကျင့်သုံးပြီး တွန်းအားပေးလုပ်ဆောင်မှု၊ စည်းမျဥ်းထိန်းကွပ်မှုများ ဖြေလျော့မှု၊ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ၊ ထုတ်လုပ်မှု ချိတ်ဆက် မက်လုံး (PLI) အစီအစဥ်ကနေတဆင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်မှု၊ အကန့်အသတ်ဖြစ်နေခဲ့သည့် ဝယ်လိုအား ပြန်လည် နာလန်ထူလာမှု၊ ကာကွယ်ဆေးများ ဖြန့်ကျက်မှု ပြီးသည့်နောက်တွင် ဖောက်သည် သုံးစွဲမှု (consumption) ပိုင်း တိုးမြင့်မှု၊ ဘဏ်ငွေသွင်းမှုပိုင်း ပိုကောင်းလာခဲ့မှုတို့က စီးပွားရေးတိုးတက်မှုကို ထောက်ကူလိမ့်မည် ဖြစ်ကြောင်း စစ်တမ်းက ဖော်ပြခဲ့သည်။

“ခင်ဗျားအနေနဲ့ ဒေတာတွေကို အမှန်တကယ် ကြည့်လိုက်မယ်ဆိုရင် ဗွီ ပုံစံ ပြန်လည်နာလန်ထူမှုနဲ့ သုံးလပတ်အလိုက် တိုးတက်မှု ပုံစံတွေက အမှန်တကယ် ထူထောင်ဖြစ်ပေါ်နေပြီ ဆိုတာနဲ့ စီးပွားရေးရဲ့ အခြေခံတွေက အားကောင်းနေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်၊ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ လုပ်ထားခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု အမျိုးအစားတွေ၊ ကျွန်တော်တို့ လုပ်ထားခဲ့တဲ့ ထုတ်ကုန်မြှင့်ဖို့ အခွန်လျှော့ပေးတဲ့ ကျင့်သုံးလုပ်ဆောင်မှု အစီအမံတွေက ယခုနှစ်မှာသာမက ရှေ့လာမယ့် နှစ်တွေမှာပါ စီးပွားရေး တိုးတက်မှုတွေကို ရရှိစေပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

အလုပ်သမားနှင့် စိုက်ပျိုးမြေ ဥပဒေများ အပါအဝင် အစိုးရက လုပ်ထားခဲ့သည့် အမျိုးမျိုးသော ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများက စီးပွားရေး တိုးတက်မှုအတွက် ထောက်ကူပံ့ပိုးလိမ့်မည် ဖြစ်ကြောင်း ၎င်းက အမေရိကန်-အိန္ဒိယ မဟာဗျူဟာ

မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (USISPF)က စီစဥ်သည့် အွန်လိုင်းအခမ်းအနားတစ်ခုတွင် ပြောကြားစဥ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

“ဒီ ဆယ်စုနှစ်ကတော့ အိန္ဒိယရဲ့ ကျယ်ပြန့်တဲ့ တိုးတက်မှု ဆယ်စုနှစ် ဖြစ်ပါလိမ့်မယ်၊ ၂၀၂၃ ဘဏ္ဍာနှစ်မှာ တိုးတက်မှုနှုန်း ၆ ဒသမ ၅ ကနေ ၇ ရာခိုင်နှုန်းအကြား ရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းပါတယ်၊ အဲဒီနောက် ဒီ ပြုပြင်ပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုတွေ မြင်ရမှာနဲ့အတူ တိုးတက်မှုနှုန်း ထပ်ပြီး အရှိန်မြင့်ပါလိမ့်မယ်၊ ပျမ်းမျှအားဖြင့် အိန္ဒိယအတွက် ဒီ ဆယ်စုနှစ်အတွင်း တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းကျော် ရှိဖို့ မျှော်မှန်းပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အစိုးရအနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းတွင် အားထုတ်မှု အများအပြား ထည့်ဝင်လုပ်ဆောင်နေပြီး ယင်းက ဆင့်ပွားအကျိုးသက်ရောက်မှုတစ်ခု ရှိကြောင်း ၎င်းက ပြောခဲ့သည်။

၂၀၂၁-၂၂ အတွက် အိန္ဒိယအစိုးရ၏ အလုံးစုံကျယ်ပြန့်သည့် တစ်နှစ်တာ ဘဏ္ဍာရေးထုတ်ပြန်ချက်တွင် ရူပီး ၅ ဒသမ ၅၄ ထရီလီယံရှိ ငွေလုံးငွေရင်း အသုံးစရိတ်တစ်ရပ်ကို သတ်မှတ်ထားပြီး ယင်းက ၂၀၂၀-၂၁ ခန့်မှန်းခြေငွေစာရင်းထက် ၃၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်မှုလည်း ဖြစ်သည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ်၏ ခန့်မှန်းခြေငွေစာရင်းက ရူပီး ၄ ဒသမ ၁၂ ထရီလီယံ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly