ဗလက္ကာရမှုများ ပေါ်ပေါက်ခြင်းကြောင့် တရုတ်တွင် လုပ်ငန်းခွင်အရက်သောက်သုံးခြင်းအပေါ် မကျေနပ်ချက်များ ဖြစ်ပေါ်

ဗလက္ကာရမှုများ ပေါ်ပေါက်ခြင်းကြောင့် တရုတ်တွင် လုပ်ငန်းခွင်အရက်သောက်သုံးခြင်းအပေါ် မကျေနပ်ချက်များ ဖြစ်ပေါ်

တရုတ်နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Alibaba တွင် ဗလက္ကာရ ကျူးလွန်မှုဖြင့် အကြီးတန်း မန်နေဂျာတစ်ဦးအား စွပ်စွဲခံရပြီးနောက် နိုင်ငံတွင်း အလုပ်သဘောအရ အရက်သောက်သုံးသည့်ကိစ္စအပေါ် လူအများ အာရုံပြန်လည်စိုက်မိလာခဲ့သည်။

ဗလက္ကာရပြုကျင့်ခံခဲ့ရသည့် ဝန်ထမ်းအမျိုးသမီး၏ စာမျက်နှာ ၁၁ မျက်နှာပါရှိသည့် အကြောင်းအရာသည် ပြီးခဲ့သည့်လအတွင်းက Weibo မိုက်ခရိုဘလော့ဂ်ပေါ်သို့ ရောက်လာခဲ့ရာတွင် သူမသည် အလုပ်ခရီးစဉ်တစ်ခုအတွင်း အမူးလွန်သည့် ညတစ်ည၌ ဗလက္ကာရပြုကျင့်ခံခဲ့ရကြောင်း ဖော်ပြထားသည်။

လုပ်ငန်းအဖွဲ့၏ ညစာစားပွဲတွင် သူမ၏ အရာရှိများက သူကကို အရက်အလွန်အကျွံသောက်စေခဲ့ကြောင်း၊ နောက်တစ်နေ့မနက်တွင် သူမ၏ ဟိုတယ်အိပ်ခန်းအတွင်း နိုးလာသည့်အချိန်တွင် တစ်ကိုယ်လုံး ဝတ်လစ်စားလစ်ဖြစ်ကာ ယမန်ညက ဖြစ်ပွားခဲ့သည့်ကိစ္စများကို ပြန်လည်မမှတ်မိတော့ကြောင်း ဖော်ပြထားသည်။

လုံခြုံရေးကင်မရာမှတ်တမ်းများအရ အဆိုပါညက သူမ၏ အခန်းတွင်းသို့ ၄ ကြိမ်ဝင်လာသည်ကို တွေ့ရှိခဲ့ရသည်။

Alibaba ကုမ္ပဏီက အဆိုပါ မန်နေဂျာကို အလုပ်ထုတ်ပစ်ခဲ့ပြီး နောင်တွင်လည်း ပြန်လည်ခန့်ထားတော့မည်မဟုတ်ပေ။

သို့သော် အစိုးရရှေ့နေများက အဆိုပါ မန်နေဂျာကျူးလွန်ခဲ့သောဖြစ်စဉ်သည် ပြစ်မှုမမြောက်ကြောင်း ဆုံးဖြတ်ကာ အမှုကို ပလပ်ခဲ့သည်။ ၎င်းကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် ၁၅ ရက် ဖမ်းဆီးထားခဲ့သော်လည်း အမှုကို ပိတ်ပစ်ခဲ့သည်။

သို့သော် အဆိုပါ ဖြစ်စဉ်သည် လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု တစ်ခုအဖြစ်သာမက ဝန်ထမ်းများကို အလုပ်၏ လူမှုရေးအခမ်းအနားများတွင် အတင်းအဓမ္မအရက်သေစာ သောက်စေသည့်အပေါ် လူမှုမီဒီယာများတွင် ဝေဖန်ပြစ်တင်မှုများ ဖြစ်ပေါ်ခဲ့သည်။

Weibo လူမှုမီဒီယာပေါ်တွင် ‘အလုပ်တွင် အရက်သောက်သုံးသည့် အလေ့အထကို မည်သို့ ထင်မြင်သနည်း’ ဟု hashtag ဖြင့် ရေးသားမှုကို ဝင်ရောက်ကြည့်သည့် အကြိမ် သန်း ၁၁၀ ကျော် ရှိခဲ့သည်။ လုပ်ငန်းနှင့် ဆက်စပ်၍ ဖိအားပေး အရက်သောက်စေခြင်း၏ အတွေ့အကြုံများကိုလည်း လူအများအပြားက မျှဝေခဲ့သည်။

ငြင်းဆန်ခြင်းသည် မလေးစားရာ ရောက်ခြင်း

တရုတ်တွင် အလုပ်သဘောအရ အရက်သောက်ခြင်းကဲ့သို့ပင် ဂျပန်တွင် နိုမီကာအိနှင့် တောင်ကိုရီးယားတွင် ဟိုဆစ်ကဲ့သို့ ဓလေ့များသည်လည်း လုပ်ငန်းခွင် ဆက်ဆံရေးတွင် အဓိကကျသည့် အရာများအဖြစ် သတ်မှတ်ထားသည်။

တရုတ်တွင် အရက်သောက်ပွဲများကို အစားအစာများစွာဖြင့် စုံစုံလင်လင် ပြုလုပ်ကြသည့်အခါ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းအထိ ပါဝင်သည့် အားဆေးအရက် ပိုင်ကျို့ကို အများအားဖြင့် သောက်သုံးကြသည်။

လူငယ်ဝန်ထမ်းများက အထက်လူကြီးများကို ရိုသေလေးစားမှုအား ပြသသောအားဖြင့် အရက်သောက်ဂုဏ်ပြုပေးကြသလို စီးပွားရေးသမားများကလည်း ၎င်းတို့၏ ဖောက်သည်များနှင့် ဆက်ဆံရေး ကောင်းစေရန် အတူတကွ သောက်သုံးကြသည်။

အကြီးတန်းမန်နေဂျာများကလည်း ၎င်းတို့၏ အရက်ဝေစုကို ဝန်ထမ်းသစ်များက ဝိုင်းဝန်သောက်ပေးရန် ဖိအားပေးခြင်းကြောင့် ဝန်ထမ်းငယ်များအနေဖြင့် ဖျားနာခြင်းနှင့် ဒယိမ်းဒယိုင်များ ဖြစ်ကုန်ကြသည်။

တရုတ်တွင် ဝါစဉ်အရ ရိုသေလေးစားရသဖြင့် ဝန်ထမ်းသစ်များအနေဖြင့် အကြီးအကဲများအား ငြင်းဆန်နိုင်ရန် ခက်ခဲ့ကြသည်။

ဝန်ထမ်းများအနေဖြင့် ညစာစားပွဲများတွင် ပထမနေရာ၌ ဖိတ်ကြားခံရခြင်းအပေါ် ငြင်းဆန်ရန် ခက်ခဲကြသည်။

“ဒီလို ဖိတ်ကြားခံရတာကို ငြင်းဆန်တာဟာ မလေးစားရာရောက်ပြီး မိမိတို့ရာထူးတိုးတက်ရေးအတွက် ဖိတ်ကြားမှုကို ဘယ်သူမှ မငြင်းဆန်ရဲကြပါဘူး” ဟု တရုတ်နိုင်ငံ၏ ဈေးကွက်ဆိုင်ရာ လေ့လာသုံးသပ်သူ Daxue Consulting မှ ဟန်ယူလျိုင်းက ပြောကြားသည်။

Alibaba ၏ ဗလက္ကာရမှု ဖြစ်ပွားပြီးနောက် အမှုဆောင်အရာရှိချုပ် ဒန်နီရယ်ကျန်းက ကုမ္ပဏီအနေဖြင့် ဝန်ထမ်းများအား အတင်းအဓမ္မအရက်သောက်စေသည့် အလေ့အထကို ဆန့်ကျင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထုံးတမ်းစဉ်လာကို ပုံဖျက်ခြင်းအား အဆုံးသတ်ရန် တရုတ်အစိုးရ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က တောင်းဆိုခဲ့ကာ ကုမ္ပဏီများက လိုက်နာခြင်းရှိနေစရန် စောင့်ကြည့်သွားမည်ဖြစ်သည်။

“တရုတ်ရဲ့ အလုပ်အပြီး အရက်သောက်တဲ့ အလေ့အထ သေချာပေါက် ပြောင်းလဲသွားမှာပါ” ဟု လျိုင်းက ပြောကြးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly