ထိုင်ဝမ်အား ပစိဖိတ်သမုဒ္ဒရာပတ်လည်နိုင်ငံများ ကုန်သွယ်ရေးအဖွဲ့ဝင် မဖြစ်ရန် လုပ်ဆောင်သွားမည်ဟု တရုတ်ပြောကြား

ထိုင်ဝမ်အား ပစိဖိတ်သမုဒ္ဒရာပတ်လည်နိုင်ငံများ ကုန်သွယ်ရေးအဖွဲ့ဝင် မဖြစ်ရန် လုပ်ဆောင်သွားမည်ဟု တရုတ်ပြောကြား

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ် လက်ခံရန် ငြင်းဆိုမှုကြောင့် ပစိဖိတ်သမုဒ္ဒရာပတ်လည် နိုင်ငံများ (Pacific Rim ) ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ရန် လျှောက်ထားမှုကို ကန့်ကွက်သွားမည်ဟု တရုတ်အစိုးရက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်အစိုးရ၏ ထိုင်ဝမ်ရေးရာရုံး၏ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်တွင် Pacific Rim တွင် ထိုင်ဝမ်ပါဝင်ပူးပေါင်းရေးသည် ‘တရုတ်တစ်ပြည်ထောင်’ မူဝါဒအပေါ်တွင် အခြေခံကြောင်း ဖော်ပြထားသည်။

“ကုန်သွယ်ရေး အဖွဲ့တွေမှာ ထိုင်ဝမ်က တရားဝင်ပါဝင် လက်မှတ်ထိုးခြင်းကို ကန့်ကွက်ပါတယ်” ဟု ထိုင်ဝမ်ရေးရာရုံး၏ ပြောခွင့်ရအရာရှိ ကျူဖန်လီယန်းက နှစ်ပတ်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားသည်။

ထိုင်ဝမ်၏ မိမိတို့ နယ်မြေပိုင်နက်အတွင်း၌သာရှိပြီး လိုအပ်ပါက အင်အားသုံး ထိန်းချုပ်မည်ဖြစ်ကြောင်းနှင့် ထို်ငဝမ်အစိုးရကို အသိအမှတ်မပြုသလို သီးခြားရပ်တည်ရန် ကြိုးပမ်းမှုကိုလည်း ကန့်ကွက်ထားသည်။

အားလုံးပါဝင်သော ပစိဖိတ်ရပ်ဝန်းနိုင်ငံများ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CPTPP) တွင် ပါဝင်ရေးကို တရုတ်က လျှောက်ထားပြီး တစ်ပတ်အကြာ စက်တင်ဘာ ၂၃ ရက်တွင် ထိုင်ဝမ်က လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

CPTPP အား ပစိဖိတ်ရပ်ဝန်းမိတ်ဖက်နိုင်ငံများ (TPP) အဖြစ် သမ္မတဟောင်းဘာရက်အိုဘားမားက ဦးဆောင် ထူထောင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ကို အဆိုပါ အဖွဲ့မှ နုတ်ထွက်ခဲ့သည်။ သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် ပြန်လည်ဝင်ရောက်ခြင်း မရှိသေးပေ။

၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော (CPTPP) တွင် ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်နို်ငငံများ ပါဝင်ပြီး ဈေးကွက်ချိတ်ဆက်ရေး၊ အလုပ်သမားများ ရွှေ့ပြောင်းသွားလာမှုနှင့် အစိုးရ၏ ဝယ်ယူရေးဆိုင်ရာ သဘောတူညီချက်များ ပြုလုပ်ထားသည်။

ဗြိတိန်က ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက် CPTPP တွင် ပါဝင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly