ချိန်းတွေ့စဉ် လူယက်သူများ သေဆုံးသွားမှုဖြင့် ဖမ်းဆီးခံရသူ ထောင်မှ ပြန်လွတ်

By သတင်းနှင့် မီဒီယာ ကွန်ရက်
04 October 2021
ချိန်းတွေ့စဉ် လူယက်သူများ သေဆုံးသွားမှုဖြင့် ဖမ်းဆီးခံရသူ ထောင်မှ ပြန်လွတ်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်။

သမီးရည်းစားနှစ်ဦးတွေ့ဆုံနေချိန် လာရောက်လုယက်သည့် အမျိုးသားနှစ်ဦးကို ပြန်လည်ခုခံရာမှ လုယက်သူ နှစ်ဦးသေဆုံးသွား၍ လူသတ်မှုဖြင့်ဖမ်းဆီးခံထားရသည့် ကိုမျိုးသက်လွင်သည် အင်းစိန်အကျဉ်းထောင်မှ ပြန် လည်လွတ်မြောက်လာခဲ့ကြောင်း အမှုလိုက်ရှေ့နေ က ပြောသည်။

“တရားရုံးရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရရော အမိန့်အမှတ် (၁၇၂/၂၀၂၁) အရရော အမှုရုတ်သိမ်းဖို့ ညီညွတ်တဲ့ အတွက် ဒီအမှုကနေ အပြီး ပြတ်လွှတ်လိုက်တာ ဖြစ်ပါတယ်”ဟု အမှုလိုက်ရှေ့နေက ပြောသည်။

စစ်ကောင်စီမှထုတ်ပြန်ထားသည့် အမိန့်အမှတ် (၁၇၂/၂၀၂၁) အမိန့်အရ ကိုမျိုးသက်လွင်အား စွဲဆိုထားသည့် အမှု ရုတ်သိမ်းမည့် အပေါ် တရားလိုဘက်မှ ကန့်ကွက်ခြင်းမရှိသောကြောင့် အောက်တိုဘာ ၁ ရက်တွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ် ကြောင်း အမှုလိုက်ရှေ့နေက ရှင်းပြသည်။

ကိုမျိုးသက်လွင် တရားရင်ဆိုင်နေရစဉ် ကာလအတွင်း မြောက်ပိုင်း ခရိုင်တရားရုံးတွင် တရားလိုပြသက်သေ၊ တရားခံပြသက်သေ စုစုပေါင်း သက်သေ အယောက် ၂၀ အား စစ်ဆေးထားပြီးဖြစ်ကြောင်း ၎င်း က ဆက်ပြော သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက လှိုင်သာယာမြို့ နယ်၊ ပန်းလှိုင်ဂေါက်ကွင်း အနောက်ဘက် မောင်ထွန်းလမ်းဘေးတွင် ရည်းစားဖြစ်သူနှင့် တွေ့ဆုံနေချိန် အမျိုးသားနှစ်ဦးက လာရောက်လုယက်ရာမှ ကိုမျိုးသက်လွင်က ပြန်လည်ခုခံခဲ့ပြီး လုယက်သူနှစ်ဦးမှာ ဓားထိုးခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကိုမျိုးသက်လွင်သည် မြောက်ပိုင်း ခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရင်ဆိုင်ခဲ့ရပြီး ယခုတစ်နှစ်နှင့် ရှစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ကိုမျိုးသက်လွင်မှာ FAME ဆေးဝါး စက်ရုံတွင် ၂၀၁၄ ခုနှစ် မေ ၈ ရက်မှ စတင်၍ ဥယျာဉ်မှူးတာဝန်ဖြင့် ဝန်ထမ်း အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး လုပ်သက်ခြောက်နှစ်အတွင်း တစ်ခါမှ ခိုက်ရန်ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ အများနှင့် အတူ ပူးပေါင်းဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းတစ်ဦးဖြစ်ကြောင်း စက်ရုံ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင် က ၎င်း၏ facebook စာမျက်နှာတွင် ၂၀၂၀ ခုနှစ်က ရေးသားဖော်ပြခဲ့သည်။

ကိုမျိုးသက်လွင် တရားရင်ဆိုင်နေရစဉ် ကာလအတွင်း ၎င်းအလုပ်လုပ်ကိုင်သည့် FAME ဆေးဝါးစက်ရုံမှ ပုံမှန် လစာဖြင့် ဝန်ထမ်း တစ်ယောက်အဖြစ် ဆက်လက်ထားရှိပြီး အမှုပြီးဆုံးသည်အထိ ဆေးခွင့်ပေးထားကြောင်း FAME ဆေးဝါးထုတ်လုပ်ရေး က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly