လူမှု ကွန်ရက်မှ ဒလန်အကြောင်း ပြောမိသည့် ရွာသား ဖမ်းခံရ

By သတင်းနှင့် မီဒီယာ ကွန်ရက်
04 October 2021
လူမှု ကွန်ရက်မှ ဒလန်အကြောင်း ပြောမိသည့် ရွာသား ဖမ်းခံရ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် Facebook လူမှုကွန်ယက်စာမျက်နှာမှ သတင်းများတွင်ပါရှိသည့် ဒလန်အကြောင်းအရာများ ပြောမိသည့် ရွာသားတစ်ဦးကို ရွာခံဒလန်ဟုစွပ်စွဲခံရသူက ရဲတိုင် ဖမ်းခိုင်းခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

အောက်တိုဘာ ၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ရဲအတိုင်ခံရသူ ကိုသန်းလွင် အား ဒီရေတောအတွင်း ရဲတပ်ဖွဲ့ အင်အား ၁၀ ကျော်ခန့်ဖြင့် ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အထက်မြို့တွေမှာ ဒလန်တွေ အရမ်းသေနေကြတယ်လို့ ပြောမိတဲ့အချိန် ရွာခံဒလန်လို့ နာမည်ကြီးနေတဲ့ ကိုအောင်စိုးက အိမ်ရှေ့က ဖြတ်သွားရင်း ကြားသွားခဲ့ပြီးတော့ နှစ်ယောက်စကား အခြေအတင်များပြီး လုံးထွေး သတ်ပုတ်တဲ့အထိဖြစ်ကုန်တာ ဟု အသက် ၅၀ အရွယ်ခန့်ရှိသည့် ရွာသားတစ်ဦးက ပြောသည်။

အခင်းဖြစ်ပြီးနောက်မှာ ကိုအောင်စိုးသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းလတ်ကို အကြောင်းကြားရာမှ တဆင့် ရဲကိုခေါ်ပြီး ဖမ်းဆီးခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထိုသို့ ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးစဉ် အတိုင်ခံရသူ ကိုသန်းလွင်သည် ဒီရေတောအတွင်း တိမ်းရှောင်ခဲ့သော်လည်း ဖမ်းဆီးခံလိုက်ရသည်ဟု ရွာသားများက ဆိုသည်။

ဖမ်းမိပြီးနောက်မှာ လက်နောက်ပြန်ကြိုးချည်ပြီး ဝိုင်းပြီး ထိုးကြိတ်ရိုက်နှက်ခဲ့လို့ ဒဏ်ရာတွေမနည်းဘူး ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ ပန်းဇင်ရွာသား တစ်ဦးက ပြောသည်။

ကိုသန်းလွင် ဖမ်းခံရပြီးနောက် တဆက်တည်း NLD ပါတီဝင် တစ်ဦးဖြစ်သည့် ကိုမိုးထက်အောင်၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ပြီး ကိုမိုးထက်အောင်ကို မတွေ့သည့်အတွက် ညီဖြစ်သူ ကိုဇော်အောင် အား ဖမ်းဆီးခေါ်သွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် တစ်ဦးဖြစ်သည့် ကိုမိုးထက်အောင် ၏ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရေး စုံစမ်းမေးမြန်းနိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းလတ်ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly