တိဗက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကုလအဖွဲ့ဝင်နိုင်ငံများက တရုတ်ကို ဝေဖန်ပြစ်တင်

By PHAYUL
04 October 2021
တိဗက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကုလအဖွဲ့ဝင်နိုင်ငံများက တရုတ်ကို ဝေဖန်ပြစ်တင်

တရုတ်အစိုးရက တိဗက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ၄၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှ အဖွဲ့ဝင်နိုင်ငံများက ဝေဖန်ပြစ်တင်ခဲ့သည်ဟုTibet.net သတင်းတွင် ဖော်ပြထားသည်။

တိဗက်၊ ရှင်ကျန်းနှင့် ဟောင်ကောင်တွင် လွန်လွန်ကဲကဲဖြစ်နေသောလူ့အခွင့်အရေးမှတ်တမ်းများအပေါ် စိုးရိမ်ကြောင်း ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အမေရိကန်နှင့် အဖွဲ့ဝင် ၂၆ နိုင်ငံကိုယ်စား ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

တရုတ်၏ စီးပွားရေးခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ စနစ်တကျ လူမျိုးရေးခွဲခြားခြင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များထပ်တိုးဖျက်ဆီးခြင်းကိုအမေရိကန်ကပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပြီးတိဗက်တွင် ဘာသာရေး၊ ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုင်ရာရိုးရာဓလေ့များအပေါ် ဆိုးဆိုးရွားရွား ကန့်သတ်ခြင်းများကိုလည်း ဆက်လက်စိုးရိမ်ပူပန်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

အဖွဲ့ဝင် ၂၆ နိုင်ငံနှင့် ဥရောပသမဂ္ဂကိုယ်စားပြင်သစ်ကအထူးသဖြင့် တိဗက်၊ ရှင်ကျန်းနှင့် အတွင်း မွန်ဂိုးလီယားတို့၌ လူနည်းစုနှင့်ဆိုင်သောအခွင့်အရေးများအပါအဝင် လူ့အခွင့်အရးများကိုလေးစားရန် နိုင်ငံနှင့်အပြည်ပြည်ဆိုင်ရာဥပဒေအရတာဝန်ဝတ္တရားများကိုလိုက်နာရန် တရုတ်ကို ထပ်တလဲလဲတောင်းဆိုခဲ့သည်။

ဒိန်းမတ်ကိုယ်စားလှယ်ကလက်ရှိဖြစ်ပေါ်နေသော လူ့အခွင့်အရေး ပြဿနာများကိုစုံစမ်းရန် ကော်မရှင်နာမင်းကြီးနှင့် တခြားလွတ်လပ်သောလေ့လာသူများကို ဝင်ရောက်ခွင့်ပြုရေး တရုတ်အားတောင်းဆိုခဲ့သည်။

နယ်သာလန်ကလည်းတိဗက်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဘာသာရေးသို့မဟုတ် ယုံကြည်မှုဆိုင်ရာလွတ်လပ်ခွင့်တို့အပေါ် ကန့်သတ်ချက်များကိုလည်း အလေးအနက်စိုးရိမ်ကြောင်း မှတ်ချက်ပြုသည်။

တရုတ်၏ လူနည်းစုမျိုးနွယ်များအား တစ်ဖက်သတ် ဆက်လက်ထိန်းသိမ်းထားခြင်းအပေါ် ဆွစ်ဇာလန်က ပြစ်တင်ဝေဖန်လိုက်ပြီးတိဗက်ပြည်သူများ၏ အခွင့်အရေးများကိုလေးစားရန် တရုတ်အားတောင်းဆိုခဲ့သည်။ ဂျနီဗာရှိ တိဗက်ဗျူရိုရုံးသည် ပြီးခဲ့သည့်သီတင်းပတ်ကဆွစ်ဇာလန် ပါလီမန်အမတ်များရှေ့မှောက်၌ သက်သေ ထွက်ဆိုခဲ့ပြီး ဖွံဖြိုးတိုးတက်မှုအကြောင်းပြုလျက် တိဗက်ကုန်းပြင်မြင့်ဒေသ၏ ပျက်စီးလွယ်သော ပတ်ဝန်းကျင်ကို တရုတ်ကထပ်တလဲလဲ ဖျက်ဆီးနေမှုကိုဆန့်ကျင်ပြောဆိုခဲ့သည်။

တိဗက်ကိုယ်စားလှယ် ကယ်လ်ဒန်ဆိုမိုကတိဗက်တွင် ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုကို ထပ်မံ အကဲဖြတ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအားထပ်မံတိုက်တွန်းလျက် ကောင်စီ၏ အခြေခံစံ တန်ဖိုးများနှင့် ယုံကြည်စိတ်ချရမှုသည် အန္တရာယ်ရှိနေသည်ဟုပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly