မောရစ်ရှနိုင်ငံမှ ပါရီသို့ ပျံသန်းလာသည့် ပြင်သစ်လေယာဉ် ဗုံးလန့်မှုကြောင့် ကင်ညာသို့ အရေးပေါ်ဆင်းသက်

မောရစ်ရှနိုင်ငံမှ ပါရီသို့ ပျံသန်းလာသည့် ပြင်သစ်လေယာဉ် ဗုံးလန့်မှုကြောင့် ကင်ညာသို့ အရေးပေါ်ဆင်းသက်

နိုင်ရိုဘီ၊ ဒီဇင်ဘာ ၂၀ ။             ။ မောရစ်ရှနိုင်ငံမှ ပြင်သစ်နိုင်ငံ ပါရီသို့ ပျံသန်းနေသည့် ပြင်သစ်လေကြောင်းလိုင်း လေယာဉ်တစ်စီးတွင် ရေအိမ်အတွင်း၌ သံသယဖြစ်ဖွယ် ပေါက်ကွဲပစ္စည်းတွေ့ရှိ၍ လမ်းကြောင်းပြောင်းကာ ကင်ညာသို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ကင်ညာရဲအကြီးအကဲနှင့် လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောသည်။

ဘိုရင်း ၇၇၇ လေယာဉ်သည် ခရီးသည် ၄၅၉ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦးနှင့် ပါရီသို့ ဦးတည်ပျံသန်းစဉ် ယခုကဲ့သို့ ဗုံးလန့်မှုကြောင့် ကင်ညာရှိ မွမ်ဘာဆာလေဆိပ်သို့ နေ့လည် ၁၂ နာရီ ၃၇ မိနစ်၌ အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီး လေယာဉ်ပေါ် ပါရှိသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ရဲထောက်လှမ်းရေးချုပ် ဂျိုးဆက်ဘွန်နက်က တွစ်တာတွင် ရေးသားဖော်ပြထားသည်။

"ရေတပ်နဲ့ ရာဇဝတ်မှုထောက်လှမ်းရေးဦးစီဌာန ဗုံးပညာရှင်တွေက ရေအိမ်တွင်းက သံသယဖြစ်ဖွယ် ပစ္စည်းကို ဖယ်ရှားရှင်းလင်းခဲ့ရပါတယ်။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ဟုတ်မဟုတ် စစ်ဆေးလျက် ရှိနေပါတယ် "ဟု ဘွန်နက်က ပြောသည်။

ကြိုတင်ကာကွယ်မှုတစ်ရပ်အနေနဲ့ လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ကာ ခရီးသည်အားလုံးကို ဘေးလွတ်အောင် ရွှေ့ပြောင်းပေးခဲ့ရကြောင်း Air France လေကြောင်းလိုင်းကလည်း ထုတ်ပြန်သည်။

"မွမ်ဘာဆာလေဆိပ်ဝန်ထမ်းတွေက လေယာဉ်ပေါ် ပါရှိသူတွေကို ဂရုတစိုက် စောင့်ရှောက်ကြပါတယ်။ ဒီခြောက်လှန့်မှု အကြောင်းရင်းခံကို အာဏာပိုင်တွေ ဦးဆောင်ပြီး စုံစမ်းစစ်ဆေးလျက်ရှိပါတယ် "ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးသည်များကို မွမ်ဘာဆာလေဆိပ်မှ အခြားလေယာဉ်တစ်စီးဖြင့် ပါရီသို့ ပျံသန်းပေးနိုင်ရေး စီစဉ်ထားကြောင်း လေကြောင်းလိုင်းက ပြောသည်။

"မွမ်ဘာဆာကနေ ပါရီဆီ ပျံသန်းမယ့် လေယာဉ်ကို ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းလောက်မှာ ပျံသန်းပေးဖို့ စီစဉ်ထားပါတယ်။"ဟု ပြောသည်။

ယခုကဲ့သို့ ပြင်သစ်လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ခြင်းကြောင့် မွမ်ဘာဆာလေဆိပ်ရှိ လေယာဉ်ပျံသန်းမှုများ အချိန်နှောင့်နှေးမှုများဖြစ်ခဲ့ရကြောင်း ကင်ညာလေကြောင်းအာဏာပိုင်အဖွဲ့က တွစ်တာပေါ်ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly