မင်းတပ်တွင် ရိက္ခာနှင့် ဆေးဝါးပြတ်တောက်သည့်ဒုက္ခကြုံတွေ့နေပြီး အာဟာရပြတ်သေဆုံးသည့် ကလေးငယ်များရှိလာ

မင်းတပ်တွင် ရိက္ခာနှင့် ဆေးဝါးပြတ်တောက်သည့်ဒုက္ခကြုံတွေ့နေပြီး အာဟာရပြတ်သေဆုံးသည့် ကလေးငယ်များရှိလာ
ဓာတ်ပုံ- Mindat Township IDPs Camp Management Committee

အောက်တိုဘာ ၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ စစ်ဘေး‌ရှောင်အပါအဝင် ကျေးရွာနေလူထု ၁၀၀၀၀ ကျော်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက်သည့်ဒုက္ခ ကြုံတွေ့နေပြီး အာဟာရပြတ်လတ်ကာသေဆုံးသည့် ကလေးငယ်များရှိလာကြောင်း ဒေသခံ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

"စစ်ရှောင်ရင်းသေဆုံးတဲ့အထဲ ရိက္ခာပြတ်လို့ တခြား infection(ရောဂါပိုးဝင်)ပြီး အာဟာရချိူ့တဲ့လို့ သေဆုံးတဲ့ကလေးတွေရှိလာတယ်။ အဲ့ဒီအထဲ လသားကလေးငယ်လဲပါတယ်။ ဆေးဝါးလဲသယ်ခွင့်ပိတ်ထားတော့ ရောဂါဖြစ်ရင် ကျန်းမာရေးဝန်ထမ်းက ကုပေးရင်တောင် ကုသဖို့ခက်လာတယ်။ အခုဆိုရင် ပါရာစီတမောတောင် မရှိတော့ဘူး"ဟု ၎င်းကပြောသည်။

ဓာတ်ပုံ- Mindat Township IDPs Camp Management Committee

ပြီးခဲ့သည့် မေလမှစ၍ ယခုအချိန်အထိ အကြမ်းဖက်စစ်‌ကောင်စီ၏ ရိက္ခာအဝင်လမ်းကြောင်းပိတ်ထားမှုနှင့်ဒေသခံများ၏ စားသောက်ကုန်များအား အကြောင်းမဲ့ဖျက်စီးခဲ့ခြင်းကြောင့် မင်းတပ်မြို့နယ်အတွင်း ကျေးရွာနေဒေသခံနှင့်စစ်ဘေးရှောင်ဦးရေ သုံးသောင်းခွဲရှိသည့်အနက် ၄၀ ရာခိုင်နှုန်းမှာ ရိက္ခာပြတ်တောက်သည်အထိ ခက်ခဲ့သည့်အနေအထားကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ မင်းတပ်သို့ အဝင်လမ်းကြောင်းဖြစ်သည့် မကွေးတိုင်းအစပ်တွင် အင်အားအပြည့် ဖြည့်တင်းထားသဖြင့်ကုန်သည်များမှာ မလာရဲကြခြင်း၊ ချင်းပြည်နယ်တွင် ဆန်ရေစပါးမထွက်သည့်ဒေသဖြစ်သောကြောင့် မိသားစုတစ်စုလျှင်တစ်နပ်သာစားသောက်ရ၍ တောင်ယာထဲမှပြောင်းဖူးနှင့်အသီးအနှံများကို စားသောက်ကာ အသက်ဆက်နေရသည်ဟုသိရသည်။

ထို့အပြင်စစ်ဘေးရှောင်ရင်းသေဆုံးသည့်ပြည်သူမှာ ငါးလအတွင်း အ‌‌ယောက် ၃၀ ခန့်ရှိပြီဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

ဓာတ်ပုံ- Mindat Township IDPs Camp Management Committee

"စစ်ကောင်စီဘက်က မင်းတပ်ကို နှစ်ပတ်အတွင်းအပြတ်ချေမှုန်းမယ်လို့ စစ်ကြေညာထားတော့ မြို့ပေါ်လူတွေလည်းသိပ်မရှိတော့ဘူး။ တွေ့တာနဲ့ဖုန်းတွေဘာတွေစစ်ပြီး မျက်စိစပါးမွှေးစူးတဲ့သူ‌ဆို ဖမ်းခေါ်သွားတာပဲ" ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအနေအထားအရ မင်းတပ်မြို့ပတ်ပတ်လည်အား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဝိုင်ထားကာ မြို့နှင့် လေးမိုင်တွင် တပ်ရင်း(၂၇၄)တပ်သားများက တပ်စွဲထားသည်။

တိုက်ပွဲများမှ ာရက်သတ္တပတ် တစ်ပတ်ခန့်ငြိမ်သက်နေသော်လည်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ယမန်နေ့အောက်တိုဘာလ ၃ ရက်နေ့က မြို့‌ပေါ်ရှိ ဝဥသီးနှံအရောင်းအဝယ်လုပ်သည့်အသက် ၄၀ အရွယ်ကုန်သည်တစ်ဦးနှင့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း အသက် ၂၀ ကျော်ဝန်းကျင်ရှိသည့် တောင်ယာလုပ်ကိုင်သည့်အမျိူးသမီးတစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဓာတ်ပုံ- Mindat Township IDPs Camp Management Committee

ယမန့်နေ့ နံနက်ပိုင်းကလည်း မင်းတပ်မြို့အနီး ကျောက်ထုကျေးရွာရှိ ခရစ်ယာန်အာရ်စီဘုရားကျောင်းအတွင်း ဧည့်စာရင်းစစ်သည်ဆို၍ ဝင်စီးခြင်းများပြုလုပ်ခဲ့ကြောင်း‌ ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly