အာဏာသိမ်းမှုနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ကလေးငယ်ပေါင်း ၇၆,၀၀၀ ကျော် ရှိ

အာဏာသိမ်းမှုနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ကလေးငယ်ပေါင်း ၇၆,၀၀၀ ကျော် ရှိ

အောက်တိုဘာ ၄

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ကလေးငယ် ၇၆,၀၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များကနေ စွန့်ခွာထွက်ပြေးထားခဲ့ကြရသည်ဟု Save The Children အဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန် ပြောကြားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏ ဒေသတချို့တွင် လက်နက်ကိုင်ပဋိပက္ခများလည်း ပေါ်ပေါက်ထားခဲ့သည်။

အာဏာသိမ်းမှုနောက်ပိုင်း အိမ်ပစ်ရာပစ် ပြေးခဲ့ကြရသည့် ကလေးများအနက် အများစုသည် တောထဲတောင်ထဲ၌ နေထိုင်နေကြရပြီး ၎င်းတို့သည် မုတ်သုံမိုးရွာသွန်းမှုကနေ ကာကွယ်ရန် ဝါး၊ တာပေါ်လင်စ တို့ သုံးထားသည့် ယာယီနေစရာများတွင်သာ ခိုလှုံနေထိုင်နေကြရကာ အခြား ဘာဆိုဘာမှ မရှိကြဟု သိရသည်။

မိသားစု အများအပြားသည် လုံလောက်သည့် စားနပ်ရိက္ခာများ ရှိမနေဘဲ တစ်နေ့လျင် တစ်နပ်ကိုသာ ဝေမျှ စားသောက်နေကြရသည်ဟု Save The Children က ပြောသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည်လည်း တောထဲတွင်သာ မီးဖွားရမှုများ ရှိနေခဲ့သည်ဟုလည်း သိရသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လူပေါင်း ၂၀၆,၀၀၀ ခန့်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးထားခဲ့ကြရသည်။

နိုင်ငံ အရှေ့တောင်ဘက် ကယားပြည်နယ်တွင် စက်တင်ဘာလ တစ်လတည်းမှာပင် လူ‌ပေါင်း ၂၂,၀၀၀ ခန့် ၎င်းတို့၏ နေအိမ်များကနေ စွန့်ခွာထွက်ပြေးထားခဲ့ကြရကြောင်း ကုလသမဂ္ဂက ပြောသည်။ ယင်းပြည်နယ်တွင် လက်ရှိအချိန်၌ ကလေးငယ် ၂၉,၀၀၀ ခန့် အပါအဝင် နေရပ်စွန့်ခွာထွက်ပြေးရသူ လူပေါင်း ၇၉,၀၀၀ ကျော် ရှိနေသည်။ ဒီမောဆို မြို့ဆိုလျင် ပြီးခဲ့သည့်လက တိုက်ပွဲများကြောင့် တစ်မြို့လုံးနီးပါး ထွက်ပြေးခဲ့ပြီးနောက် လူသူမရှိသလောက် နီးပါးဖြစ်နေခဲ့သည်။

ကယားပြည်နယ်သည် ငတ်မွတ်ခြင်း၊ ရောဂါဖြစ်ပွားမှုနှင့် ပြင်းထန်ရာသီဥတုဒဏ်ခံရမှု တို့ကြောင့် လူအများအပြား သေဆုံးရမှု ဖြစ်နိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လက ကုလ လူ့အခွင့်အရေး သံတမန်တစ်ဦးက သတိပေးထားခဲ့သည်။ စားနပ်ရိက္ခာနှင့် အခြား အသက်ကယ် ထောက်ပံ့မှုပစ္စည်းများ မရရှိနိုင်ဘဲ ပိတ်ဆို့ခံထားရမှုနှင့်အတူ နေရပ်စွန့်ခွာ မိသားစုများသည် ဆန်ပြုတ်တစ်မယ်ထဲဖြင့်သာ ရှင်သန်နေထိုင်နေကြရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly