တာလီဘန်တွေက အောင်ပွဲခံ လူစုရုံးမှု ပြုလုပ်ချိန် နာရေးလိုက်ပို့သူတွေကို ပစ်မှတ်ထားဗုံးခွဲမှု ဖြစ်ပွား 

တာလီဘန်တွေက အောင်ပွဲခံ လူစုရုံးမှု ပြုလုပ်ချိန် နာရေးလိုက်ပို့သူတွေကို ပစ်မှတ်ထားဗုံးခွဲမှု ဖြစ်ပွား 
Photo - AFP

အောက်တိုဘာ ၄

တာလီဘန်တွေဟာ အကြီးတန်းပုဂ္ဂိုလ်တွေရယ် ထောက်ခံသူတွေနဲ့ ပထမဆုံး လူအမြောက်အမြား စုရုံးကြပြီး အောင်ပွဲခံပွဲကို တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပေမယ့် သူတို့ရဲ့ အင်အားပြသမှုကို ကဘူးလ်မြို့တော်အတွင်းမှာ ဖြစ်ပွားတဲ့ နာရေးလိုက်ပို့သူတွေကို ပစ်မှတ်ထား ဗုံးခွဲမှုက ဖုံးကွယ်သွားပါတယ်။ 

တာလီဘန်တွေဟာ ကဘူးလ်မြို့တော်ကို သိမ်းပိုက်ပြီး သီတင်းပတ် ခုနစ်ပတ်လောက်အတွင်းမှာ နိုင်ငံအတွင်း အာဏာခိုင်မာကြီးထွားလာလျက် ရှိနေပေမယ့် အစ္စလာမ္မစ် သူပုန်ဟောင်းတွေရဲ့ အုပ်ချုပ်ရေးကို ဘယ်ပြည်ပ အစိုးရကမှ ခုချိန်ထိ အသိအမှတ် မပြုသေးပါ။ 

တာလီဘန်တွေရဲ့ နိုင်ငံသိမ်း အောင်ပွဲဟာလည်း အာဖဂန်နစ္စတန်ရဲ့ နှစ် ၂၀ ကြာ ပဋိပက္ခကို အဆုံးသတ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ လက္ခဏာအဖြစ် ကဘူးလ်က အိဒ်ဂက်ရှ် ဗလီအပြင်ဖက်မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ခဲ့ရာမှာ လူအနည်းဆုံး ငါးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အတော်အတန် ရှိခဲ့ပါတယ်။ 

တာလီဘန်ရဲ့ ပြောခွင့်ရသူ ဇာဘီဟူလက်ရှ် မူဂျာဟစ်က မကြာသေးခင်က ကွယ်လွန်တဲ့ သူ့ မိခင်အတွက် အဲဒီ ဗလီမှာ ဆုတောင်းပွဲ ပြုလုပ်မယ်ဆိုပြီး စနေနေ့က ပြောပါတယ်။ အခု ပေါက်ကွဲမှုဟာ အဲဒီ အသုဘဆုတောင်းပွဲမှာ ဖြစ်ပွားသလားဆိုတာကို သူက ရည်ညွှန်းပြောဆိုတာ မရှိပေမယ့် ပေါက်ကွဲမှုအတွင်း အဲဒီ ဧရိယာအတွင်းက အရပ်သား အတော်အတန် သေဆုံးကြောင်း တွစ်တာမှာ ရေးသားပါတယ်။ 

အနီးက ကဘူးလ်အရေးပေါ်ဆေးရုံဆီ ရောက်ရှိသွားတဲ့ အေအက်ဖ်ပီသတင်းထောက်ကလည်း သွေးသံအလိမ်းလိမ်းနဲ့ လူတွေကို မြင်တွေ့ခဲ့ရပါတယ်။ 

ပေါက်ကွဲမှုမှာ လူ ငါးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရတယ်လို့ ယဉ်ကျေးမှု ကော်မရှင်ရုံးက အမည်မဖော်တဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပြီး အရပ်သားရော၊ တာလီဘန်အဖွဲ့ဝင်တွေပါ သေဆုံးဒဏ်ရာရကြတာလို့ ပြောပါတယ်။ 

“အခု ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လူသုံးဦးကို ဖမ်းဆီးထားပါပြီ”လို့ သူက ဆိုပါတယ်။ 

ဖောက်ကွဲရေး ပစ္စည်းကို ဗလီဝင်ပေါက်မှာ ထောင်ထားတာဖြစ်ပြီး ပြောခွင့်ရသူ မူဂျာဟစ်နဲ့ မိသားစုတွေကို နာရေးလာရောက်သူတွေက ဝမ်းနည်းကြောင်း ပြောပြီး ပြန်အထွက်မှာ ဖောက်ခွဲတာလို့ အဲဒီ တာဝန်ရှိသူက ပြောပါတယ်။ 

ကဘူးလ်မြို့ အလယ်ပိုင်းတစ်ခွင်လုံး ကြားလိုက်ရတဲ့ အခု ပေါက်ကွဲမှုဟာ တာလီဘန်ကြားဖြတ်အစိုးရသစ်က မြို့ပြင်မှာ လူစုရုံးပွဲ ကျင်းပခဲ့ပြီး အချိန်ပိုင်းမှာပဲ ဖြစ်ပွားပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ 

အာဖဂန်ရဲ့ တာလီဘန်အုပ်ချုပ်ရေးသစ်ကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေ ဦးဆောင်တာ အများစုဖြစ်တဲ့ ဆန္ဒပြပွဲတွေကိုဟာလည်း အခွင့်မရှိဘဲ ဆန္ဒဖော်ထုတ်ခြင်း မပြုရဆိုတဲ့ တားမြစ်ချက်ကြောင့် တစ်စစ လျော့ပါးလာခဲ့ပါတယ်။ 

ဒီလိုကြားက ကဘူးလ်မြို့ပြင် ခိုဒါမန်အရပ်မှာ ကျင်းပပြုလုပ်တဲ့ အခု လူစုရုံးအောင်ပွဲခံပွဲကို အမျိုးသားနဲ့ ယောက်ကျားလေးငယ် ၁၅၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။ 

“ဒီနေ့ဟာ ကျွန်တော်တို့ စောင့်မျှော်နေတဲ့ နေ့ရက်တစ်ရက်ပါပဲ”လို့ အမေရိကန်က သတ်ဖြတ်ပေးနိုင်ရင် ဒေါ်လာ ငါးသန်း ချီးမြှင့်မယ်လို့ ဆုငွေထုတ်ထားခံရသူ အကြမ်းဖက်သမားအဖြစ် တံဆိပ်အကပ်ခံရတဲ့ ဒုက္ခသည်ဆိုင်ရာ တာလီဘန် ဝန်ကြီးသစ် ခါလီ ဟာကာနီက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly