အီတလီမှာ တည်ဆောက်ဆဲ အဆောက်အအုံကို လေယာဉ်ငယ် ဝင်တိုက်ပြိုကျမှုဖြစ်ရာမှာ လူ ၈ ဦး သေဆုံး 

အီတလီမှာ တည်ဆောက်ဆဲ အဆောက်အအုံကို လေယာဉ်ငယ် ဝင်တိုက်ပြိုကျမှုဖြစ်ရာမှာ လူ ၈ ဦး သေဆုံး 
Photo - AFP

အောက်တိုဘာ ၄

အီတလီနိုင်ငံ မီလန်မြို့နားမှာ စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေအတွက် တည်ဆောက်ဆဲ အဆောက်အအုံအလွတ်ကို လေယာဉ်တစ်စင်း ဝင်တိုက်မှုဖြစ်ရာမှာ လေယာဉ်ပေါ်ပါ ခရီးသည် ရှစ်ဦး သေဆုံးခဲ့ပါတယ်။ 

မီလန်မြို့ လီနာတေးလေဆိပ်ကနေ ပျံတက်ပြီး ဆာဒီနီယာကျွန်းဆီ ဦးတည်ပျံသန်းတဲ့ လေယာဉ်ငယ်ဟာ ဆန်ဒိုနာတိုမီလန်နက်စ်အရပ်မှာ ပျက်ကျပြီး အခု အဆောက်အအုံလွတ်ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ 

လေယာဉ်မှူးဟာ အသက် ၆၈ ရှီ ရောမ ဘီလျှံနာသူဌေးကြီး ဒန်ပီထရစ်ကူးဆိုသူဖြစ်ကြောင်း သိရပါတယ်။ သူနဲ့ အတူ ဇနီးသည်နဲ့ သားဖြစ်သူတို့ပါ သေဆုံးခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြပါတယ်။ 

လေယာဉ်ဝင်တိုက်မိတာကြောင့် အဆောက်အအုံနဲ့ ရပ်နားထားတဲ့ ကားအချို့ မီးလောင်ကျွမ်းမှုဖြစ်တာကြောင့် မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။ မြေပြင်က လူ တစ်ဦးတစ်ယောက်မှ ထိခိုက်သေဆုံးမှု မရှိခဲ့ပါ။ 

“လေယာဉ်မှူးက လေယာဉ်ပျံတက်ပြီး ချွတ်ယွင်းမှု ဖြစ်နေတဲ့အကြောင်းကို လှမ်းအကြောင်းကြားခဲ့တယ်၊ လေထဲမှာတင် လေယာဉ် မီးလောင်နေတာ၊ သိပ်များများစားစား လောင်တာမျိုး မဟုတ်ပေမယ့် ကျွန်တော်တို့ လှမ်းမြင်နေရတယ်၊ လေယာဉ်မှူးက မထိန်းချုပ်နိုင်တော့ဘဲ အမြင့်ကနေ ပျက်ကျပြီး အဆောက်အအုံကို ဝင်တိုက်တော့တာပဲ”ဆိုပြီး ဆန်ဒိုနာတိုမီလန်နက်စ်အရပ်သား အန်ဂျလို ဆူးမားက ပြောပါတယ်။ 

“လေယာဉ် ပျက်ကျလာတာကို ကျွန်တော် မြင်ရတယ်၊ ပြီးတော့ မီးထလောင်တော့တာပဲ၊ ခရီးသည်တစ်ဦးရဲ့ ခြေထောက် မီးလောင်နေတာတဲ့ နေရာတိုင်းလိုလိုမှာ သွေးတွေကိုလည်း ကျွန်တော် မြင်ခဲ့ရတယ်”လို့ မိုဟာမတ် နာဆာဆိုတဲ့ ဆောက်လုပ်ရေးသမားတစ်ဦးက ဆိုပါတယ်။ 

လေယာဉ်ပျက်ကျရတဲ့ အကြောင်းကို စုံစမ်းစစ်ဆေးလျက် ရှိနေပါတယ်။ 

အချို့ မျက်မြင်တွေကလည်း အင်ဂျင်တစ်လုံးတပ် Pilatus PC-12 အမျိုးအစား အခုလေယာဉ်ဟာ ပျက်ကျမလာခင်ကတည်းက မီးလောင်မှု ဖြစ်နေခဲ့တာကို မြင်တွေ့ရကြောင်း ပြောကြပါတယ်။ 

လေယာဉ်မောင်းသူ ဘီလျှံနာသူဌေးကြီး ပီထရစ်ကူးဟာ အီတလီရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးပဲ ဖြစ်ပြီး သေဆုံးသူတွေထဲမှာ သူရယ်၊ ဇနီးနဲ့ အသက် ၃၀ အရွယ် သားဖြစ်သူရယ်အပြင် ကလေးငယ်တစ်ဦးပါ ပါဝင်တယ်လို့ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly