ဖွဲ့စည်းပုံသင်္ဘောပျက်နဲ့ စုန်းစုန်းမြုပ်မယ့် စစ်ဝါဒီ

ဖွဲ့စည်းပုံသင်္ဘောပျက်နဲ့ စုန်းစုန်းမြုပ်မယ့် စစ်ဝါဒီ
Photo - AFP

အောက်တိုဘာ ၃

စစ်အုပ်စုခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်နဲ့မညီတော့တဲ့အခါ ပြင်ဆင်ဖို့အတွက် လက်ခံပါတယ်ဆိုပြီး ထုတ်ပြောလာပြန်ပါတယ်။ အောက်တိုဘာလ ၁ ရက်က ရှမ်းပြည်၊ တောင်ကြီးမြို့ ခရီးစဉ်မှာ ထုတ်ပြောတာ ဖြစ်တယ်။ နိုင်ငံရေးအရ ချော့လုံးတွေ ထုတ်သုံးလာတာ ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ပျက်စီးပြီ၊ ပျက်သုန်းပြီလို့ တော်လှန်ရေး အင် အားစုတွေဘက်က ကြေညာမောင်းခတ်ထားပြီးသား ဖြစ်နေချိန်မှာ အာဏာသိမ်းစဉ်က ချောင်ထိုးထားတဲ့ စာအုပ်စိမ်းကြီးကို လေမှုတ် ဖုန်ခါပြီး ပြန်သုံးလာတာ ဖြစ်တယ်။

၂၀၀၈ ခြေဥကို ဘယ်သူ လက်ခံခဲ့လို့တုန်း

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအပြီး၊ ပြည်သူတစ်သိန်းကျော် သေဆုံးပြီး သန်းနဲ့ချီ ဒုက္ခရောက်ခဲ့တဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး ကတိုက်ကရိုက် ပြဋ္ဌာန်းခဲ့တဲ့ ဒီအခြေခံဥပဒေဆိုတာကြီးက စစ်အုပ်စု ထွက်ပေါက်မပျောက်ရေး၊ အာဏာသက်ဆိုးရှည်ရေး ယန္တရား ကြီးဆိုတာကို ကလေးကအစ ခွေးအဆုံး သိပြီးသား ကိစ္စ ဖြစ်ပါတယ်။ တစ်ဖက်သက် ပြဋ္ဌာန်းပြီး လူထုကြီးကပဲ ထောက်ခံသယောင် ယောင်နဲ့ အတည်ပြုခဲ့တာလည်း အားလုံးအသိ။

တကယ်တမ်းတော့ ၂၀၀၈ ခြေဥကြီးဟာ နိုင်ငံ့အပြောင်းအလဲကို ဖော်ဆောင်နိုင်လောက်အောင် ကောင်းမွန်တဲ့ဟာကြီး မဟုတ်ပါဘူး။ စစ်တပ်က နိုင်ငံအာဏာကို နောက်ဖေးပေါက်ကကော၊ အိမ်ရှေ့ပေါက်ကနေပါ ယူလို့ရအောင် တစ်ဖက်သပ် ရေးဆွဲထားတာသာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ ၂၀၀၈ ခြေဥအောက်ကနေ စစ်အုပ်စုကော၊ စစ်အုပ်စုအသွင်ပြောင်း ကြံ့ခိုင်ရေးပါတီကော၊ စစ်အုပ်စုနဲ့ ပလူးပလဲ ပါတီတွေကကော ဘာလုပ်လုပ် လူထုက ဂရုကို မစိုက်ခဲ့ကြတာ ဖြစ်တယ်။

ခြေဥ အသက်ဝင်တာ NLD ကြောင့်

တကယ်တမ်း ၂၀၀၈ အခြေခံဥပဒေကြီးကို လူထုအာရုံစိုက်လာတာ ၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီကြောင့် ဖြစ်ပါတယ်။ ဒီခြေဥကြီးအောက်မှာ နိုင်ငံ့အာဏာကို ရယူဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲ လုပ်စဉ်က NLD ပါတီက ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။ ဒီ့နောက်ပိုင်း NLD ပါတီထဲမှာ ဝင် ပြင်မယ်ဆိုတဲ့ ချဉ်းကပ်မှု အားကောင်းခဲ့တာကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တာကြောင့် ဒီ ၂၀၀၈ ခြေဥကြီးကို အားလုံးက လက်ခံလိုက်ကြတာ ဖြစ်တယ်။ စစ်အုပ်စုက သဘောထားဆန္ဒခံယူပွဲတွေ၊ ရွေးကောက်ပွဲတွေ လုပ်ပြီး အစိုးရတက်လုပ်နေတာတောင် လူထုဟာ ခြေဥကြီး ရှိနေတာကို အဖက်လုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ NLD ကို ယုံလို့ ဒါကြီးကို တစ်စိတ်တစ်ပိုင်း လက်ခံပြီး ဝင်ပြီး ပြင်မယ်ဆိုတဲ့ NLD ကို ထောက်ခံခဲ့ကြ၊ ဝိုင်းကြ၊ ဝန်းခဲ့ကြတာ ဖြစ်တယ်။ ဒီ့အတွက်ကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေကြီးဟာ ပိုပြီးတော့ အသက်ဝင် ခိုင်မာလာတာ ဖြစ်တယ်။

ဝင် ပြင်လိုင်း အားမကောင်းပေမယ့် NLD အစိုးရ ဖြစ်လာ

၂၀၀၈ အခြေခံဥပဒေကြီးကို ဥပဒေပြုရေး ဘောင်ထဲကနေ ပြင်မယ်ဆိုတဲ့ NLD ဟာ တကယ်တမ်းတော့ သူတို့ကိုယ်တိုင် ဒီထောင် ချောင်ထဲ ပိတ်မိနေခဲ့ပါတယ်။ နိုင်ငံ့အတွက် အရေးမကြီးတဲ့အချက်တွေကိုသာ ပြင်ဆင်နိုင်ခွင့် ရခဲ့ပြီး အရေးပါတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဖို့ မပြောနဲ့ မျက်စောင်းတောင် ထိုးခွင့်မရခဲ့အောင် စစ်အုပ်စုက ပိတ်ဆို့ထားခဲ့ပါတယ်။ ဒီခြေဥအကျပ်အတည်းအောက်မှာ ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်လာချိန်မှာတော့ NLD သာ အစိုးရဖြစ်ခွင့်ရမယ်၊ လွှတ်တော်ထဲ နေရာအများစု ရမယ်ဆိုရင် ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့ လူထုမျှော်လင့်ချက်တွေက NLD ကို ပြည်လုံးကျွတ်နီးပါး အနိုင်ရစေခဲ့ပါတယ်။ တင်းပြည့်ကျပ်ပြည့်မဟုတ်တဲ့ သုံးမတ်သား အရပ်သားအစိုးရ ဖြစ်စေခဲ့ပါတယ်။

NLD ဟာ မူလချဉ်းကပ်မှု ဖြစ်တဲ့ ခြေဥကို ဘောင်ထဲက ဝင်ပြင်မယ်ဆိုတဲ့ လိုင်းအတိုင်း ခြေဥပြင်ဆင်ရေးကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ဖို့အတွက် စစ်အုပ်စုရဲ့ တစ်မတ်သားအမတ်တွေ၊ တိုင်းရင်းသားအင်အားစုပါတီတွေကိုကော စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။ လွှတ်တော်တွင်း တိုင်းရင်းသားအစုအဖွဲ့တွေဘက်ကလည်း အရပ်သားအစိုးရလက်ထက်၊ အရပ်သားစစ်စစ်ကဲတဲ့ လွှတ်တော် အတွင်းမှာ ဒီတစ်ခါတော့ ခြေဥပြင်ဆင်ရေးဟာ အတိုင်းအတာတစ်ခုအထိ ရှေ့ရောက်လာမယ်လို့ မျှော်လင့်ခဲ့တာကြောင့် အင်တိုက် အားတိုက် ပါဝင်ခဲ့ကြပါတယ်။

မှန်းချက်နဲ့ နှမ်းထွက်မကိုက်

သို့သော် စစ်အုပ်စုဘက်က နှစ်ပေါင်းများစွာ အချိန်ယူပြီး ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေဟာ NLD ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ဘောင်သွင်းထားတာကြောင့် NLD ကိုယ်တိုင် ချောင်ပိတ်ခဲ့ပါတယ်။ ဒီချောင်ပိတ်မှုကြားထဲမှာပဲ စစ်ဘက်စည်းရုံးရေးကို ပိုအား စိုက်ခဲ့တဲ့ NLD ကြောင့် တိုင်းရင်းသားအင်အားစုတွေရဲ့ နိုင်ငံရေးအရ လိုလားချက်၊ လူထုရဲ့ လိုလားချက်တွေနဲ့ အတော့်ကို ကွဲလွဲခဲ့ပါတယ်။ NLD ဟာ စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဌာနအောက်က ထွေအုပ်လို ဌာနကိုသာ အရပ်ဘက်အောက် ပြောင်းနိုင်တာက လွဲရင် နဂို ချထားတဲ့ ဝင်ပြင်ရေးချဉ်းကပ်မှုဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါ။ တပ်ဘက်စည်းရုံးရေးကို ပိုပြီးအားစိုက်ခဲ့တဲ့အတွက် တိုင်းရင်းသားအင်အားစုတွေဘက်က လိုလားချက်ဖြစ်တဲ့ ခြေဥပြင်ဆင်ရေး တောင်းဆိုချက်တွေကို မျက်ကွယ်ပြုခဲ့ပါတယ်။ ငါးနှစ်နဲ့ တော့ အများကြီး ပြောင်းလဲဖို့ မမျှော်လင့်ပါနဲ့ဆိုပြီး လူထုနဲ့ တိုင်းရင်းသားအင်အားစုတွေကို ချွေးသိပ်ခဲ့ပါတယ်။

တာထွက်ကောင်းသော်ငြားလည်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု၊ NLD ရဲ့ ချွေးသိပ်မှုကို လက်ခံတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ဟာ နောက်ထပ်တစ်ကြိမ် ပြည်လုံးကျွတ်နီးပါး ထပ်အနိုင်ရခဲ့ပြန်ပါတယ်။ နောက်ငါးနှစ်တာအတွက် တာထွက်လှခဲ့ပါတယ်။ သို့သော် ဒီတာထွက်ကောင်းမှုကို စစ်အုပ်စုကို ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းလိုက်တာကြောင့် NLD ရဲ့ ခြေဥပြင်ဆင်ရေးဟာ တစ်ခန်းရပ်သွားခဲ့ပါတယ်။ သို့သော် NLD ကိုယ်တိုင် ဒီ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ တရားဝင်မှုကို ဆက်ကိုင်ထားမှုက ခြေဥကြီးက တကယ်ပဲ အသက်ဝင်နေဆဲလား၊ အသက်ငင်နေတာလားဆိုတာကို မရေရာမှုတွေ ဖြစ်စေခဲ့ပါတယ်။ စစ်အုပ်စုကလည်း သူတို့အာဏာသိမ်းတာဟာ ခြေဥနဲ့အညီပါလို့ တွင်တွင်ပြောပြီး ခြေဥကို ကာကွယ်သလို NLD ကလည်း တရားဝင်မှုအတွက် သွယ်ဝိုက်သောအားဖြင့် ခြေဥကြီးကို ဖက်တွယ်ခဲ့ရပါတယ်။ NLD နဲ့ ခြေဥကြား သံယောဇဉ်တွယ်ငြိနေမှုကို အဆုံးသတ်ဖို့ လူထုနဲ့ နိုင်ငံရေးအင်အားစုတွေက ဖိအားပေးတာကြောင့် NLD က ပေါက်ဖွားလာတဲ့ CRPH/NUG တို့ဟာ နောက်ဆုံးမှာ ခြေဥပျက်ပြီ ဖြစ်တယ်လို့ ကြေညာခဲ့ရပါတယ်။ NLD ဟာ ခြေဥကို အခြေခံပြီး ဖြစ်တည်လာတဲ့ တရားဝင်မှုအစား လူထုထောက်ခံမဲပေးခဲ့တဲ့ တရားဝင်မှုကို ပြောင်းကိုင်ပြီး နိုင်ငံရေးကစားကွက် ချဲ့ခဲ့ရပါတယ်။

ဘာကို ပြင်ချင်တာလဲ မင်းအောင်လှိုင်

လက်ရှိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတာကို စစ်တပ်ကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်ယန္တရားကြီး အပြီးတိုင် ပျက်သုန်းရေးကို ဦးတည်နေတာ ဖြစ်တယ်။ စစ်အာဏာယန္တရားကြီး စိုက်လိုက်မတ်တပ် လည်ပတ်ရေးကို ၂၀၀၈ အခြေခံဥပဒေနဲ့ မီးထိုးမောင်းနှင်ထားတာ ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း စစ်အုပ်စုဟာ ၂၀၀၈ ခြေဥကြီးကို ဖက်တွယ်ထားကြတာ ဖြစ်တယ်။ စစ်အုပ်စုအပြင် အာဏာနိုင်ငံရေးနယ်ပယ်မှာ နေရာမရတဲ့ အရပ်သား ရေပေါ်ဆီနိုင်ငံရေးသမားတွေကလည်း ဖက်တွယ်နေကြဆဲ ဖြစ် ပါတယ်။ ရှင်းရှင်းပြောရရင် မြုပ်နေတဲ့ သင်္ဘောကြီးကို အသက်ရှင်လို ရှင်ငြား အသေအလဲ ဖက်တွယ်နေကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ဒီဖွဲ့စည်းပုံကြီးဟာ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အတည်ပြုထားလို့ ဖျက်သိမ်းလို့ မရကြောင်း အသေအလဲ ကာကွယ်ပြောဆိုနေသလို တစ်ဖက်ကလည်း ခေတ်ကာလနဲ့ ညီညွှတ်မှုမရှိတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့ လက်ခံကြောင်း လေပြေထိုးနေပြန်ပါပြီ။ အသက်မဲ့နေတဲ့ ခြေဥကြီးကို အသက်သွင်းဖို့ လုပ်ဆောင်နေတာကို တော်လှန်သော နိုင်ငံရေးအင် အားစုတွေဘက်က နိုင်ငံရေးအာဏာရယူလိုမှုအတွက် အသက်သွင်းမယ်လို့ စစ်အုပ်စုက မျှော်လင့်နေတုန်း ဖြစ်ပါတယ်။

ဥပဒေမဲ့ အာဏာသိမ်းထားသူတွေ လက်အောက်မှာ ဘယ်ဥပဒေမှ အသက်မဝင်တော့ပါဘူး။ ၂၀၀၈ အခြေခံဥပဒေဟာ နွေဦးတော်လှန်ရေးနဲ့အတူ ဇာတ်သိမ်းသွားပါပြီ။ ခြေဥအပါအဝင် မတရားတဲ့ဥပဒေမှန်သမျှ အသက်သွင်းမယ့်သူတိုင်းကို နွေဦးတော်လှန် ရေးက တွန်းထုတ်၊ တိုက်ထုတ်သွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံ့အခြေအနေဟာ ဥပဒေတွေ ကိုင်စွဲဘဲ ငြင်းခုန်တိုက်ပွဲဝင်လို့ ရတော့ တဲ့ အခင်းအကျင်း မဟုတ်တော့ပါဘူး။ မတရားတာ မှန်သမျှ ဆန့်ကျင်ကြ၊ စစ်အာဏာယန္တရားမှန်သမျှ ချေမှုန်းကြ၊ အာဏာရှင်အ ခက်အလက်မှန်သမျှ ရိုက်ချိုးကြဆိုတဲ့ အနေအထားထိ ရောက်နေပါပြီ။ စစ်ဝါဒီတွေဟာ သူတို့ ဖက်တွယ်ထားတဲ့ ၂၀၀၈ ခြေဥဆိုတဲ့ သင်္ဘောပျက်ကြီးနဲ့အတူ မကြာခင်ကာလမှာ စုန်းစုန်းမြုပ်သွားပါတော့မယ်။ မဝေးတော့ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required