ပြန်ကြားရေးဝန်ကြီး ၂ ပါးကို နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် ထိန်းသိမ်းထား

ပြန်ကြားရေးဝန်ကြီး ၂ ပါးကို နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် ထိန်းသိမ်းထား

အောက်တိုဘာ ၃

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်အတွင်း ထိန်းသိမ်းထားကြောင်း ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များအရသိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရွေးကောက်ခံအရပ်သားအစိုးရကိုလည်း ဖမ်းဆီးရာ စာရေးဆရာမှဝန်ကြီးဖြစ်ခဲ့သည့် ဦးဖေမြင့်နှင့် သတင်းစာဆရာမှဒုဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်လှထွန်းတို့လည်း အဖမ်းခံရပြီး ပေါင်းလောင်းရိပ်သာတွင် ချုပ်နှောင်ထားရှိသည်ဟု သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရာထူးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏လုပ်ဖော်ကိုင်ဘက်ဟောင်း တစ်ဦးဖြစ်သော ဦးချစ်နိုင်ကို ပေးအပ်ခဲ့သည်။

ဒုတိယဗိုလ်မှူးကြီးဘဝဖြင့် အရပ်သားဖြစ်သွားခဲ့သော စာရေးဆရာလည်းဖြစ်သည့် ချစ်နိုင် (စိတ်ပညာ) သည် အာဏာမသိမ်းမီကပင် သူ၏ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားများဖြန့်ဝေနေခဲ့သူဖြစ်သလို ဝန်ကြီးအဖြစ် တာဝန်ယူပြီးနောက် ဝါဒဖြန့်ယန္တရား သတင်းစာ၊ ရေဒီယိုနှင့် ရုပ်သံများတွင်လည်း သတင်းမှားဖြန့်ချိမှုများကို အားကောင်းကောင်းလုပ်ခဲ့သည်။

ထို့အပြင် ပုဂ္ဂလိက သတင်းမီဒီယာ ရုပ်သံလိုင်းများကို ပိတ်ပင်ခြင်း၊ မီဒီယာ လိုင်စင်များရုပ်သိမ်းခြင်းမှသည် စစ်ထောက်လှမ်းရေးများက ဂျာနယ်လစ်များကို ဖမ်းဆီးရာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပေးအပ်သော စာရင်းများပါ အသုံးပြုခဲ့သည်။

အာဏာသိမ်းသက်တမ်း ခြောက်လကြာသောအခါ ဦးချစ်နိုင်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂) ဝန်ကြီးအဖြစ်ရွှေ့ပြောင်းခံရပြီး ဗိုလ်ချုပ်ဘဝမှ အရပ်သားဖြစ်ခဲ့သူ ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required