ကျူပီအာနောက်ခံလူဟောင်း အပါအဝင် နိုင်ငံခြားသားကစားသမား သုံးဦး ရှမ််းယူနိုက်တက်ခေါ်ယူ

ကျူပီအာနောက်ခံလူဟောင်း အပါအဝင် နိုင်ငံခြားသားကစားသမား သုံးဦး ရှမ််းယူနိုက်တက်ခေါ်ယူ
ကျူပီအာနောက်ခံလူဟောင်း ပက်ထရစ်အား ရှမ်းယူနိုက်တက်အသင်းခြေစမ်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- ရှမ်းယူနိုက်တက်)

ဒီဇင်ဘာ ၂၀၊ ရန်ကုန်။            ။ ၂၀၁၆ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှု အမြောက်အမြားပြုလုပ်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ်ကလပ် ကျူပီအာနောက်ခံ ကစားသမားဟောင်း ပက်ထရစ် အပါအဝင် နိုင်ငံခြားသားကစားသမားသစ်သုံးဦးအား တစ်ရာသီစာချုပ်စီဖြင့် ခေါ်ယူလိုက်သည် ဟု အသင်းဖေ့ဘုတ်စ်တွင် ထုတ်ပြန်ကြေငြာလိုက်သည်။ အဆိုပါ ကစားသမားသစ် သုံးဦးမှာ အင်္ဂလန်နောက်ခံလူ ပက်ထရစ်၊ ဘရာဇီးကွင်းလယ်လူ ဂတ်စတာဗို နှင့် ဂူနီယာကွင်းလယ်လူ အလီကာမာရာ တို့ ဖြစ်ကြသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ပက်ထရစ်သည် အင်္ဂလန်ကလပ်အသင်းများဖြစ်သည့် ကျူပီအာ၊ လင်ကိုလန်စီးတီး၊ ဆွင်ဒန်ကလပ်အသင်းများတွင် ကစားခဲ့ဖူးသည့် ဝါရင့်နောက်ခံကစား သမားတစ်ဦး ဖြစ်သည်။

“ လက်ရှိတော့ အသင်းက နိုင်ငံခြားသားအသစ် သုံးယောက်ခေါ်ပြီးသွားပါပြီ။ နောက်ထပ်တစ်ယောက်ခေါ်ဖို့လည်း စီစဉ်နေပါတယ်။ ၃+၁ စည်းမျဉ်းအတိုင်း အာရှသားတစ်ယောက် ထပ်ခေါ်သွားမှာပါ။ ဒီရက်ပိုင်းအတွင်း အာရှသားက လာခြေစမ်းဖို့ ရှိနေပါတယ်။ ဝင်ကစားဖို့တော့ လိဂ်စည်းမျဉ်းအတိုင်း သုံးယောက်ပဲ ကစားမှာပါ။ လူစာရင်းကိုတော့ နိုင်ငံခြားသားလေးယောက်လုံး ထည့်ထားမှာပါ။ လာမယ့်ရာသီမှာ အသင်းက ချန်ပီယံဖြစ်ဖို့ အကောင်းဆုံး စီစဉ်နေပါတယ် ” ဟု ရှမ်းယူနိုက်တက်အသင်း၏ မီဒီယာတာဝန်ခံ ကိုအောင်ပိုင်က ပြောသည်။

ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိတွင် နိုင်ငံခြားသားကစားသမားအသစ်များအပြင် ပြည်တွင်းကစားသစ်များအဖြစ် လက်ရွေးစင်ကစားသမားများဖြစ်သော နေလင်းထွန်း၊ ဟိန်းသီဟဇော်၊ သီဟစည်သူ တို့ကို ခေါ်ယူထားသည့်အပြင် လူငယ်လက်ရွေးစင်ကစားများဖြစ်သည့် ဇင်မင်းထွန်း၊ လှိုင်မျိုးအောင်၊ ထိုက်ထိုက်အောင် တို့ကိုလည်း အားဖြည့် ခေါ်ယူထား ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly