နေပြည်တော်တွင် ပိုမိုပြင်းထန်သည့် မြို့ပြပြောက်ကျားစစ်ဆင်ရေး စတင်တော့မည်ဟု NPT-PDF ပြော

နေပြည်တော်တွင် ပိုမိုပြင်းထန်သည့် မြို့ပြပြောက်ကျားစစ်ဆင်ရေး စတင်တော့မည်ဟု NPT-PDF ပြော

အောက်တိုဘာ ၃

စစ်ကောင်စီ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်တွင် ပိုမိုပြင်းထန်သည့် မြို့ပြပြောက်ကျားစစ်ဆင်ရေးများ စတင်ပြုလုပ်တော့မည်ဟု NPT-PDF က ပြည်သူများကို ယနေ့ အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်အသိပေးလိုက်သည်။

“ အရှိန်ပိုမြှင့်မှာကို ပြည်သူတွေကို မေတ္တာရပ်ခံတာပါ။ စစ်ကောင်စီရဲ့ ထောက်တိုင်တွေ၊ စစ်ကောင်စီကို ဝင်ငွေရအောင်လုပ်နေတဲ့ လမ်းကြောင်းတွေ၊ ပြီးတော့ဒလန်တွေ၊ စစ်ကောင်စီ လက်ကိုင်တုတ် တွေကို အဓိကထားပြီး ပြင်းထန်စွာတုံ့ပြန်မှာပါ ” ဟု နေပြည်တော်-PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငွေစိုးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရက D-Day ကို စက်တင်ဘာ ၇ ရက်တွင် ကြေညာချိန်မှစ၍ စစ်ဆင်ရေးများ တိုးမြှင့်လာခဲ့ကြောင်းနှင့် အဖွဲ့၏ ဦးတည်ချက်အတိုင်း ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း လည်းဆိုသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် လူကြီးမင်းတို့၏ အိမ်ရှေ့များတွင် လမ်းဘက်သို့ မျက်နှာမူပြီး တပ်ဆင်ထားသော CCTV ကင်မရာများကို ပိတ်ထားပေးရန် (သို့မဟုတ်) လမ်းဘက်သို့ မျက်နှာမမူဘဲ အခြားတစ်နေရာသို့ မြင်ကွင်းပြောင်းချိန်ရွယ်ပေးပြီး ပူးပေါင်းကူညီပေးကြပါရန် NPT-PDF မေတ္တာရပ်ခံထားသည်။

စစ်ဆင်ရေးပြုလုပ်နေစဉ် မိဘပြည်သူများ အန္တရာယ်ကင်းရေးအတွက် NUG၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော လမ်းညွှန်ချက်များကို အချိန်မီကြိုတင်လေ့လာ လိုက်နာကြရန်ကိုလည်း NPT_PDF မှ အသိပေးထားသည်။

အလားတူ မိဘပြည်သူများအနေဖြင့် မည်သည့်အသံကြားသည်ဖြစ်‌စေ မစပ်စုကြရန်နှင့် မိမိကိုယ်ကိုယ် အန္တရာယ်ကင်းအောင်နေပြီး ကူညီပေးရန်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်) မှ မေတ္တာရပ်ခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly