မော်လမြိုင်ကျွန်းမြို့ Happy လက်ဖက်ရည်ဆိုင်ရှေ့ ဗုံးနှစ်လုံးဆင့်ပေါက်

မော်လမြိုင်ကျွန်းမြို့ Happy လက်ဖက်ရည်ဆိုင်ရှေ့ ဗုံးနှစ်လုံးဆင့်ပေါက်

အောက်တိုဘာ ၃

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့ ၊အမှတ်(၁၀)ရပ်ကွက််၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် စံပယ်လမ်းထိပ်တွင်ရှိသည့် Happy လက်ဖက်ရည်ဆိုင်ရှေ့တွင် ယနေ့ အောက်တိုဘာလ ၃ ရက် မနက်ပိုင်းက ဗုံးနှစ်လုံးဆင့်ပေါက်ကွဲကြောင်း ဒေသခံများထံက သိရသည်။

ယနေ့မနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် တစ်ကြိမ်၊ မနက် ၁၀ နာရီ ကျော်ခန့်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မော်ကျွန်း မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (Maw Gyun-STF)က ဖောက်ခွဲခဲ့ခြင်းဖြစ်‌ကြောင်း ၎င်းအဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

"တစ်လုံးနဲ့ တစ်လုံး အချိန်သိပ်မကွာဘူးဗျ။ ဗုံးပေါက်လို့ လေးယောက် ဒဏ်ရာရသွားတယ်။ ပြီးတော့ အဲဒီဆိုင်က ဒလန်တွေ စတည်းချတဲ့ နေရာဗျ ။

မနက်ပိုင်း စစ်သားနဲ့ရဲတွေက ကင်းလှည့်တယ်။ ပြီးရင် အဲဒီဆိုင်မှာ အမြဲထိုင်ကြပါတယ် ။ အာဏာသိမ်းပြီး တစ်ပတ်လောက်ကြာတော့လည်း အဲဒီဆိုင်မှာ ကြံ့ဖွတ်နဲ့ တခြားပါတီတွေစုပြီးအောင်ပွဲခံကြသေးတယ်။ အခုပေါက်တာမှာတော့ ဘယ်သူတွေထိသွားလဲဆိုတာ တိတိကျကျမသိရသေးဘူး"ဟု မော်ကျွန်း မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်အုပ်စုနှင့် ရဲများသည် ဗုံးပေါက်ကွဲခဲ့သည့်နေရာတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေ‌ပြီး ဒဏ်ရာရရှိသူ လေးဦးကို မော်ကျွန်းဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly