ဝက်လက်မြို့နယ်တွင် ဝက်လက် PDF နှင့် ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ရာ ရဲတပ်ဖွဲ့ဝင်ဘက်မှ သေဆုံးသူရှိ ၊ PDF ဘက်မှလည်း ကျဆုံးသူရှိသည်ဟု သတင်းများထွက်ပေါ်

ဝက်လက်မြို့နယ်တွင် ဝက်လက် PDF နှင့် ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ရာ ရဲတပ်ဖွဲ့ဝင်ဘက်မှ သေဆုံးသူရှိ ၊ PDF ဘက်မှလည်း ကျဆုံးသူရှိသည်ဟု သတင်းများထွက်ပေါ်

အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (ဝက်လက် PDF )နှင့် အာဏာသိမ်း စစ်ကောင်စီ လက်‌‌အောက်ခံ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ PDF ဘက်မှလည်း တစ်ဦးကျဆုံးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း တိုက်ပွဲဖြစ်ပွားရာအနီးနေထိုင်သည့် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၉ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည့် ထိုပစ်ခတ်မှုတွင် ရဲတစ်ဦးသေဆုံးသည်မှာ မှန်ကန်သော်လည်း သေနတ်ကျည်ဆန် ဒဏ်ရာရရှိကာ ရှိမ်းမကား ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးမှာမူ ကျဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။

“ခုနေ့မနက် စစ်ကားတွေက ဖိုးဝင်းတပ်ရွာ အရှေ့ ရှိမ်းမကားကြားမှာ အမျိုးသားအနည်းငယ်နဲ့ တိုက်ပွဲပုံစံ ဖြစ်ခဲ့တာ။ ရှိမ်းမကားရဲစခန်းက ရဲတစ်ယောက်ကျတယ်” ဟု အနီးအနား ကျေးရွာ မှဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် ည ၁၁ နာရီကျော်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ရုံးပင်းကုန်းရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦးသိန်းတင့်၏ အမှုဖြစ်စဉ်ကို ယနေ့ နံနက်ပိုင်းက ဆိုင်ကယ်ခုနှစ်စီးခန့်ဖြင့် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဝင်များက ရုံးပင်းကုန်းရွာမှအပြန် ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဖိုးဝင်းတပ်ကျေးရွာနှင့် ရှိမ်းမကားကျေးရွာအကြားတွင် ဒေသခံ PDF တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ PDF အဖွဲ့က သေနတ်ထိထားတဲ့ သူကို ဆိုင်ကယ်ပေါ် သွေးတွေနဲ့ ခေါ်သွားတယ်တဲ့။ ခုဆုံးသွားပြီတဲ့။ အသေချာမသိဘူး။ အလောင်းလည်း မမြင်သေးပါ” ဟု အနီးအနားကျေးရွာရှိ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ဝက်လက်ဒေသကာကွယ်ရေးတပ်( ဝက်လက် PDF ) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ယနေ့တစ်ရက်လုံး နေအိမ်အတွင်းမှ နေအိမ်အပြင်သို့ မထွက်ကြရန် ဝက်လက် PDFက ပြည်သူများထံ အရေးပေါ်သတိပေးထားသည်။

လက်ရှိတွင် ရှိမ်းမကားရဲစခန်းအနီးရှိ ကျေးရွာများနှင့် ရှိမ်းမကားကျေးရွာ အနောက်ခြမ်း ကျေးရွာတချို့မှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံများ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု မခံကြရစေရေး သတိထားကြရန် ဒေသခံတော်လှန်ရေး အင်အားစုအဖွဲ့များဘက်ကလည်း အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required