အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက်သွားနိုင်မှုတွင် ပါကစ္စတန်၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးရန် အမေရိကန်အမတ်များ တောင်းဆို

အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက်သွားနိုင်မှုတွင် ပါကစ္စတန်၏ အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးရန် အမေရိကန်အမတ်များ တောင်းဆို

အာဖဂန်နစ္စတန်အစိုးရကို ပြုတ်ကျစေခဲ့သည့် တာလီဘန်တို့၏ ၂၀၂၁ ခုနှစ်အတွင်း ထိုးစစ်ဆင်မှုနှင့် ပန်ဂျ်ရှီးယား ချိုင့်ဝှမ်း၌ တိုက်ခိုက်မှုတို့တွင် တာလီဘန်တို့အပေါ် ပါကစ္စတန်၏ ထောက်ပံ့မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး တောင်းဆိုသည့် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန် ဆိနိတ်လွှတ်တော်သို့ တင်သွင်းခဲ့သည်။

“အာဖဂန်နစ္စတန် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ကြီးကြပ်မှုနှင့် တာဝန်ခံမှု အက် ဥပဒေ” ဟု အမည်ပေးထားသည့် ထိုဥပဒေမူကြမ်းသည် အာဖဂန်နစ္စတန်ကနေ အမေရိကန်တို့ တက်သုတ်ရိုက် ရုပ်သိမ်းဆုတ်ခွာခဲ့ရမှုနှင့်စပ်လျင်းသည့် ရှင်းလင်းရန် ကျန်နေသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည်။

အမေရိကန် အထက်လွှတ်တော်အမတ် ၂၀ ဦးကျော်က စက်တင်ဘာ ၂၈ ရက်တွင် ထို ဥပဒေမူကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး တစ်ဆက်တည်းမှာပင် အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့နှင့် ယင်းအဖွဲ့ကို ထောက်ကူပေးနေသည့် နိုင်ငံခြား အစိုးရများအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး တောင်းဆိုခဲ့ကြသည်ဟု The News International က ဖော်ပြသည်။

“ဒီ အက်ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ရက်ပေါင်း ၁၈၀ ထက် နောက်မကျဘဲ၊ အဲဒီနောက်ပိုင်း အနည်းဆုံး တစ်နှစ်တစ်ကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးက ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးတို့နဲ့ တိုင်ပင်ညှိနှိုင်းပြီး တာလီဘန်တို့ကို ထောက်ပံ့ပေးနေသူတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ကွန်ဂရက်ကော်မတီတွေဆီ တင်ပြရမှာ ဖြစ်ပါတယ်” ဟု ဥပဒေမူကြမ်းတွင် ပြောထားသည်။

ထို့ပြင် ယင်းဥပဒေမူကြမ်းတွင် ၂၀၀၁ ခုနှစ်နှင့် ၂၀၂၀ အကြား တာလီဘန်တို့အတွက် ပါကစ္စတန်အစိုးရအပါအဝင် နိုင်ငံနှင့် နိုင်ငံမဟုတ်သူများဘက်မှ ထောက်ပံ့ပေးမှု၊ ဘေးကင်းခိုလှုံရာ နေရာ ထောက်ပံ့မှု၊ ဘဏ္ဍာရေး ထောက်ပံ့မှု၊ ထောက်လှမ်းရေးဆိုင်ရာ ထောက်ပံ့မှု၊ ထောက်ပံ့ပို့ဆောင်မှု နှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှု၊ လေ့ကျင့်သင်ကြားမှု ၊ တပ်ဆင်မှု၊ နည်းဗျူဟာနှင့် စစ်ဆင်ရေးဆိုင်ရာ သို့မဟုတ် မဟာဗျူဟာ လမ်းညွှန်ချက်များ ထောက်ပံ့မှု စသည်တို့ကို အကဲဖြတ်စစ်ဆေးသွားရန် တောင်းဆိုထားသည်။

ဘေးကင်းခိုလှုံရာ နေရာ ထောက်ပံ့မှု၊ ဘဏ္ဍာရေး ထောက်ပံ့မှု၊ ထောက်လှမ်းရေးဆိုင်ရာ ထောက်ပံ့မှု၊ ထောက်ပံ့ပို့ဆောင်မှု နှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှု၊ လေ့ကျင့်သင်ကြားမှု ၊ တပ်ဆင်မှု၊ နည်းဗျူဟာနှင့် စစ်ဆင်ရေးဆိုင်ရာ သို့မဟုတ် မဟာဗျူဟာ လမ်းညွှန်ချက်များ ထောက်ပံ့မှု တို့အပါအဝင် အာဖဂန်နစ္စတန်အစိုးရကို ပြုတ်ကျစေခဲ့သည့် ၂၀၂၁ တာလီဘန်ထိုးစစ်တစ်ခုအတွက် ပါကစ္စတန်အစိုးရအပါအဝင် နိုင်ငံနှင့် နိုင်ငံမဟုတ်သူများဘက်မှ ထောက်ပံ့ပေးမှု တို့နှင့်ပတ်သက်ပြီး အကဲဖြတ်ကြည့်ရှုရန်လည်း ယင်းက တောင်းဆိုထားသည်။

ယင်းအပြင် ပန်ဂျ်ရှီးယားချိုင့်ဝှမ်းနှင့် အာဖဂန် ခုခံတော်လှန်ရေးတပ်ဖွဲ့တို့အပေါ် ၂၀၂၁ စက်တင်ဘာ တာလီဘန်တို့၏ ထိုးစစ်ဆင်မှုအပေါ် ပါကစ္စတန်အစိုးရအပါအဝင် နိုင်ငံနှင့် နိုင်ငံမဟုတ်သူများဘက်မှ ထောက်ပံ့ပေးမှု တို့နှင့်ပတ်သက်ပြီး အကဲဖြတ်လေ့လာရန်လည်း ယင်းက တောင်းဆိုထားသည်။

ထို့ပြင် အာဖဂန်နစ္စတန် အစ္စလမ္မစ်သမ္မတနိုင်ငံ အစိုးရကို ဖြုတ်ချသည့် ၂၀၂၁ တာလီဘန် ထိုးစစ်ဆင်မှုအတွက် ထောက်ကူပေးမှုများကို ဖြတ်တောက်ရန် လုပ်ဆောင်ခဲ့သည့် အမေရိကန်၏ သံတမန်ရေးရာနှင့် စစ်ရေး လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် အသေးစိတ် ဖော်ပြချက် တင်ပြရန်လည်း ယင်းက တောင်းဆိုထားခဲ့သည်။

“အရေအတွက် အတိအကျမသိရတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အာဖဂန် ပါတနာတွေဟာ တာလီဘန်တို့ရဲ့ ခြိမ်းခြောက်မှုအောက် အာဖဂန်နစ္စတန်မှာ ဆက်လက်ချန်လှပ်ခံထားရပါတယ်၊ အမေရိကန်အပေါ် အသစ်ပေါ်ပေါက်လာတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်၊ တာလီဘန်တို့ဟာ အာဖဂန် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးတွေအ‌ပေါ် ဖိနှိပ်ရင်းနဲ့ ကုလသမဂ္ဂက အသိအမှတ်ပြုခံရဖို့ လွဲမှားစွာ ကြိုးစားထားခဲ့ပါသေးတယ်” ဟု ဆိနိတ် နိုင်ငံခြားဆက်ဆံမှု ကော်မတီမှ အဖွဲ့ဝင် ဆိနိတ်တာ ဂျင်မ် ရစ်ချ်က ပြောခဲ့သည်။

ပါကစ္စတန်သည် တာလီဘန်ကို ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly