ပါကစ္စတန်သည် အမေရိကန်အစိုးရအဆက်ဆက်ကို စနစ်တကျ လိမ်ညာလုပ်ဆောင်ထားခဲ့ဟု ကျွမ်းကျင်ပညာရှင် ပြော

ပါကစ္စတန်သည် အမေရိကန်အစိုးရအဆက်ဆက်ကို စနစ်တကျ လိမ်ညာလုပ်ဆောင်ထားခဲ့ဟု ကျွမ်းကျင်ပညာရှင် ပြော

ပါကစ္စတန်သည် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ အပါအဝင် အမေရိကန် အစိုးရအဆက်ဆက်အပေါ် စနစ်တကျ လိမ်လည်လှည့်စား ခြယ်လှယ်လုပ်ဆောင်ထားခဲ့ပြီး အမေရိကန်နှင့် ကမ္ဘာကို ဘေးကင်းလုံခြုံမှု လျော့ကျထားစေခဲ့သည့် နည်းလမ်းများနှင့်အတူ လုပ်ဆောင်နေခဲ့သည်ဟု ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပါကစ္စတန်နှင့်အကြား အဆိပ်ဖြစ်စေသည့် ဆက်ဆံရေးကို ဖြတ်တောက်ရမည့် အချိန်ဖြစ်သည်ဟု The Hill တွင် ရေးသားနေသည့် စာရေးဆရာ ဟာမန်းက ပြောသည်။

အစ္စလမ်မာဘတ်သည် ဒေသတွင်း၌ အကြမ်းဖက်မှုနှင့် အကြမ်းဖက်သမားများကို တိုက်ဖျက်ရန် ကန်‌ဒေါ်လာ ၁၄ ဘီလီယံ အပါအဝင် ၂၀၀၂ ခုနောက်ပိုင်း အမေရိကန်ထံမှ အကူအညီ ဒေါ်လာ ၃၃ ဘီလီယံကျော်အထိ လက်ခံရရှိထားခဲ့သော်လည်း ပါကစ္စတန်သည် ဆန့်ကျင်ဘက်အရာများကိုသာ လုပ်ရင်း အလုပ်များနေခဲ့သည်။

“အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းမှု နောက်ပိုင်းမှာ ပါကစ္စတန်အပေါ် ထားတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒတွေကို အကြီးအကျယ် ပြန်သုံးသပ်ရမယ့် အချိန်ရောက်ပါပြီ၊ ကျွန်တော်တို့ရဲ့ ရန်သူတွေနဲ့ ရင်းရင်းနှီးနှီး နေဖို့ ကြိုးစားနေတဲ့ ၊ နျူကလီးယားနည်းပညာကို ကမ္ဘာပေါ်က အဆိုးရွားဆုံး အစိုးရတစ်ချို့ဆီ ပြန့်ပွားထားစေခဲ့တဲ့ ၊ ကျွန်တော်တို့နဲ့အကြား မိတ်ဖြစ်မှုကို အကြိမ်ကြိမ် သစ္စာဖောက်ထားတဲ့ နိုင်ငံမျိုးကို ကျွန်တော်တို့ ဘာကြောင့် အကူအညီတွေ ဆက်ပေးနေရသလဲ ဆိုတာကို အရင်နဲ့ ခုလက်ရှိ မူဝါဒချမှတ်သူတွေ ရှင်းပြဖို့ အချိန်ကျပါပြီ” ဟု ဟာမန်းက ပြောခဲ့သည်။

ပါကစ္စတန်သည် နျူကလီးယားလက်နက် တည်ဆောက်ခြင်း မပြုဟုဆိုပြီး ၁၉၈၀ ပြည့်နှစ်တွင် အမေရိကန်သို့ ပေးခဲ့သည့် ကတိပြုထားမှုများကို ချိုးဖောက်ထားခဲ့သလို ၎င်းတို့သည် AQ Khan ကွန်ရက်ကနေတဆင့် ထိုနည်းပညာ ပြန့်ပွားစေရန် ဆက်လုပ်ထားခဲ့သည်။ ထို ပြန့်ပွားမှု ကွန်ရက်က မြောက်ကိုရီးယားကို လျှို့ဝှက်လက်နက်တပ်ပေးခဲ့သည်။

အာဖဂန်နစ္စတန်ကို အမေရိကန်တို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ပါကစ္စတန်သည် အကြမ်းဖက်မှုဖြင့် ကမ္ဘာ့အလိုအရှိဆုံးသူဖြစ်သည့် အိုစမာဘင်လာဒင်ကို ၂၀၁၁ ခုနှစ် အမေရိကန်အထူးတပ်ဖွဲ့များ ခြေရာခံတွေ့ရှိမှုမတိုင်မီအထိ ဆယ်စုနှစ်တစ်စုနီးပါးကြာ ယင်းနိုင်ငံတွင်း ခိုလှုံခွင့် ပေးထားခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် နေတိုးအုပ်စု တပ်ဖွဲ့များက ဟက်ကာနီ ကွန်ရက်နှင့် တာလီဘန်တို့ကဲ့သို့ အဖွဲ့များကို နှိမ်နင်းရန် တိုက်ခိုက်၊ သေဆုံးထားခဲ့ကြသည်တောင်မှ ပါကစ္စတန် စစ်တပ်နှင့် လျှို့ဝှက် ထောက်လှမ်းရေးတို့က အထက်ပါ တူညီသည့် အဖွဲ့များအပါအဝင် အကြမ်းဖက်အုပ်စုများကို ဆက်လက် ကာကွယ် ကူညီပေးထားခဲ့သည်ဟု The Hill က ဖော်ပြသည်။

အလားတူ ပါကစ္စတန်သည် တရုတ်နှင့်အကြား မိတ်ဘက် ရင်းနှီးမှု ဆက်ဆံရေးကို တိုးမြှင့်နေခဲ့သည်။ အစ္စလမ်မာဘတ်သည် ၂၀၁၃ ခုနှစ်က တရုတ်ထံမှ ကန်‌ဒေါ်လာ ၆၀ ဘီလီယံ ပေးအပ်မှုကို လက်ခံထားခဲ့ရင်း တရုတ်၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်း၏ တစိတ်တဒေသဖြစ်သည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) ကို တရားဝင်ဖြစ်ထားစေခဲ့သည်။

တရုတ်သည် ပါကစ္စတန်၏ ထောက်လှမ်းရေးအဖွဲ့များကို လေ့ကျင့်သင်ကြားပေးနေသလို တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်နှင့် ပါကစ္စတန်စစ်တပ်အကြား နီးကပ်သည့် ချိတ်ဆက်ပတ်သက်မှုကို ပိုမိုခိုင်မာစေရေး လုပ်ဆောင်နေပြီး ယင်းတို့တွင် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်း၊ တရုတ်တင့်ကားများ၊ မောင်းသူမဲ့ ဒရုန်းများနှင့် အခြား စစ်ဘက်ပစ္စည်းများ ဝယ်ယူခြင်းတို့ ပါဝင်ထားခဲ့သည်။

ယင်းတို့က မဟာမိတ်တစ်ဦး၏ လုပ်ရပ်များ မဟုတ်ပေ။ ဝမ်းနည်းစရာ အမှန်တရားက ပါကစ္စတန်သည် အမေရိကန်နှင့်အကြား ပါးနပ်ကျင်လည်စွာဖြင့် လိမ်လည်လှည့်ဖြားမှုဂိမ်းကို ကစားထားခဲ့ပြီး တစ်ဘက်တွင် အမေရိကန်အနေဖြင့် အစ္စလမ်မာဘတ်အတွက် ရက်ရက်ရောရော ကူညီပေးထားခဲ့သော်လည်း ဒေသ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် အကျိုးမဖြစ်စေခဲ့ဟု The Hill က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly