ပါကစ္စတန်၌ ဘာသာရေးစော်ကားမှုဖြင့် ပုဂ္ဂလိကစာသင်ကျောင်း ကျောင်းအုပ်ဆရာမ သေဒဏ်ချခံရ

ပါကစ္စတန်၌ ဘာသာရေးစော်ကားမှုဖြင့် ပုဂ္ဂလိကစာသင်ကျောင်း ကျောင်းအုပ်ဆရာမ သေဒဏ်ချခံရ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ဘာသာရေးစော်ကားမှု ကျူးလွန်ခဲ့မှုအတွက် စာသင်ကျောင်း တစ်ကျောင်းမှ ကျောင်းအုပ်ဆရာမတစ်ဦးကို တရားရုံးတစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

နစ်ရှ်တာ နယ်မြေရှိ ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဖြစ်သည့် ဆယ်လ်မာ တန်ဗီအာကို စက်တင်ဘာ ၂၇ ရက်က ခရိုင်ပြစ်မှုဆိုင်ရာတရားရုံးက သေဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့သလို ဒဏ်ကြေး ပါကစ္စတန်ရူပီး ၅,၀၀၀ ကိုလည်း ချမှတ်ခဲ့သည်။

တန်ဗီအာသည် တမန်တော် မိုဟာမက်က အစ္စလမ်ဘာသာ၏ နောက်ဆုံး တမန်တော် မဟုတ်ဟု ငြင်းဆန်ရင်း ဘာသာရေးစော်ကားမှုကို ကျူးလွန်ခဲ့ကြောင်း ခရိုင်ပြစ်မှုဆိုင်ရာ တရားရုံးမှ တွဲဖက်တရားသူကြီး မန်ဆော အာမက်ဒ်က ဆုံးဖြတ်ချက်ချမှတ်ရာတွင် မှတ်ချက်ချခဲ့သည်။

လာဟိုး ရဲတပ်ဖွဲ့သည် ၂၀၁၃ ခုနှစ်က ဒေသခံဘာသာရေးခေါင်းဆောင်တစ်ဦး၏ တိုင်ကြားမှုကြောင့် တန်ဗီအာကို ဘာသာရေးစော်ကားမှုဖြင့် အမှုဖွင့်ထားခဲ့သည်။ သူမသည် တမန်တော် မိုဟာမက်၏ နောက်ဆုံးတမန်တော်ဖြစ်ခြင်းဆိုသဖည်ကို မဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည်ဟု စွပ်စွဲခံထားရပြီး သူမကိုယ်သူမ အစ္စလမ်ဘာသာ၏ တမန်တော် ဖြစ်သည်ဟု ထုတ်ဖော်ခဲ့သည်ဟုလည်း သိရသည်။

တန်ဗီအာ၏ ရှေ့နေ မိုဟာမက် ရမ်ဇန်က သူမ၏ အမှုသည် သည် “စိတ်မနှံ့သလို ဖြစ်နေခဲ့သူတစ်ဦး” ဖြစ်ကြောင်းနှင့် တရားရုံးအနေဖြင့် အဆိုပါအချက်ကို ထည့်သွင်းစဥ်းစားသင့်ကြောင်း ပြောခဲ့သည်။

သို့သော် တရားလိုဘက်က တရားရုံးသို့ တင်သွင်းခဲ့သည့် ပန်ဂျပ် စိတ်ကျန်းမာရေး အင်စတီကျူ့၏ ဆေးကုသမှုဘုတ်အဖွဲ့၏ အစီရင်ခံစာတစ်ရပ်အရ “သံသယရှိ တရားခံသည် တရားရင်ဆိုင်ရန် ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး ၎င်းသည် စိတ်ဖောက်ပြန်နေခဲ့ခြင်း မရှိ” ဟု ဖော်ပြထားသည်ဟု သိရသည်။

ပါကစ္စတန်၏ အငြင်းပွားဖွယ် ဘာသာရေးစော်ကားမှုဆိုင်ရာ ဥပဒေများနှင့် ယင်းတို့၏ ပြဋ္ဌာန်းပြစ်ဒဏ်ချမှတ်မှုများက အင်မတန် ပြင်းထန်လွန်းသည်ဟု ရှုမြင်ခံရသည်။ ယင်းနိုင်ငံတွင် ၁၉၈၇ ခုနှစ်နောက်ပိုင်း ဘာသာရေး စော်ကားမှု ဥပဒေအောက်တွင် လူပေါင်း ၁,၄၇၂ ဦးထက်မနည်း တရားစွဲဆိုခံခဲ့ရသည်။

ဘာသာရေး စော်ကားမှုဖြင့် စွပ်စွဲခံရသူများသည် အများအားဖြင့် ၎င်းတို့အတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေတစ်ဦးကို ရွေးချယ်ခွင့် ဆုံးရှုံးကြရလေ့ ရှိသလို ရှေ့နေ အများစုကလည်း ယင်းကဲ့သို့ ထိရှလွယ်သည့် အမှုများကို လက်ခံအမှုလိုက်ပေးရန် ငြင်းဆန်ကြသည်ဟု သိရသည်။

ဘာသာရေး စော်ကားမှု ဥပဒေများသည် ကိုလိုနီခေတ် ဥပဒေများ ဖြစ်သော်လည်း ယင်းတို့ကို ယခင် အာဏာရှင်ဗိုလ်ချုပ်ကြီးဟောင်း ဇီအာအူ ဟက်ခ် က ပြန်လည် ပြင်ဆင်ခဲ့ပြီး ယင်းတွင် ပြဋ္ဌာန်းပြစ်ဒဏ်သတ်မှတ်မှုများ၏ ကြီးလေးမှုကို တိုးမြှင့်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly