တရုတ်ရှိ အမေရိကန်ကုမ္ပဏီများ လျှပ်စစ်ဓာတ်အား မကြုံစဖူး လိုအပ်နေ

By Zeebiz
03 October 2021
တရုတ်ရှိ အမေရိကန်ကုမ္ပဏီများ လျှပ်စစ်ဓာတ်အား မကြုံစဖူး လိုအပ်နေ

တရုတ်နိုင်ငံ၏ ပြည်နယ်အတော်များများ၌ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မကြုံစဖူး အကြီးအကျယ် ရင်ဆိုင်နေရသောကြောင့် နိုင်ငံအတွင်းလည်ပတ်နေသော အမေရိကန်ကုမ္ပဏီ ဒါဇင်ပေါင်းများစွာသည် ဓာတ်အား မျှတသုံးစွဲနေရခြင်း၏ သက်ရောက်မှုကို ဆိုးရွားစွာ ခံစားနေရသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းကြောင့် စီးပွားရေးအခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ မှာယူမှုများ ပျက်ပြယ်ခြင်းနှင့် ကုန်ကြမ်းများ အလဟဿဖြစ်ခြင်းများရှိသည်ဟု ရှန်ဟိုင်းရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) ဥက္ကဋ္ဌ ခါဂစ်ဘ်က ပြောသည်။

ပြီးခဲ့သော သီတင်းပတ်များ၌ တရုတ်ရှိ ပြည်နယ်များစွာသည် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ခံစားခဲ့ရသောကြာင့် ကုမ္ပဏီပေါင်း ၁ ၂၀၀ ခန့်ကို ကိုယ်စားပြုသော အသင်းသား ၃ ၀၀၀ ကျော်သည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုလျှော့ချရေးနည်းလမ်းများကို ဒေသအာဏာပိုင်များနှင့် ဆွေးနွေးခဲ့ကြသည်။

အဓိကအားဖြင့် တရုတ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ဒါဇင်ပေါင်းများစွာမှ ထုတ်လုပ်မှု လျော့ကျလာသောကြောင့် စက်မှုလုပ်ငန်းများကို ကမောက်ကမဖြစ်စေခဲ့ပြီး ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိစေခဲ့သော ၎င်း၏ထုတ်ကုန် ကဏ္ဍကို ရိုက်ခတ်ခဲ့သည်။

ယခုအခါ ပြည်နယ်အများအပြားရှိ အိမ်များတွင်ပါ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားနေပြီး မြို့ကြီးများရှိ လမ်းများနှင့် မီးပွိုင့်များအထိပါ သက်ရောက်ခဲ့သည်ဟု တရားဝင်မီဒီယာများက ဖော်ပြကြသည်။

မကြာသေးမီနှစ်များအတွင်း လျှပ်စစ်ဓာတ်အား အခက်အခဲပြဿနာ များစွာကြားရလေ့မရှိသည့် တရုတ်နိုင်ငံတွင် ယခုကဲ့သို့ ပြတ်တောက်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများက နိုင်ငံ၏ နှစ်စဉ် တိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချလာကြသည်။

ယခုဓာတ်အား အခက်အခဲ ပြဿနာသည် တရုတ်စက်မှုလုပ်ငန်းများ၏ ၄၄ ရာခိုင်နှုန်းခန့်အထိ သက်ရောက်မှုရှိနေသည်ဟု ဘီဘီစီသတင်းဌာနက ရေးသားခဲ့သည်။

နိုင်ငံပိုင်မီဒီယာ China Daily က လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် မြန်ဆန်သောအဟုန်ဖြင့် လိုအပ်ချက်များလာခြင်း၊ ကျောက်မီးသွေးဈေးနှုန်း မြင့်တက်လာခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန် ဒေသအစိုးရများ၏ ကြိုးပမ်းချက်များကြောင့်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly