လစ်သူရေးနီးယားမှာ အမျိုးသား ၁ ဦးရဲ့ ဗိုက်ထဲကနေ အလေးချိန် ၁ ကီလိုရှိ ဝက်အူတွေနဲ့ အိမ်ရိုက်သံတွေကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရ

လစ်သူရေးနီးယားမှာ အမျိုးသား ၁ ဦးရဲ့ ဗိုက်ထဲကနေ အလေးချိန် ၁ ကီလိုရှိ ဝက်အူတွေနဲ့ အိမ်ရိုက်သံတွေကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရ
Photo credit-    (CHANDAN KHANNA/AFP/Getty Images)

အောက်တိုဘာ ၃

လစ်သူရေးနီးယားနိုင်ငံမှာ အမျိုးသားတစ်ဦးရဲ့ ဝမ်းဗိုက်ထဲကနေ အလေးချိန် ၁ ကီလိုဂရမ်ကျော်ရှိ အိမ်ရိုက်သံတွေနဲ့ ဝက်အူ (screw) တွေကို တွေ့ရှိပြီး ခွဲစိတ်ဖယ်ရှားပေးခဲ့ရတယ်လို့ ဆရာဝန်တွေက အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။

အဆိုပါ အမျိုးသားဟာ အရက်ဖြတ်ပြီးနောက်ပိုင်း သံ၊ သတ္တုလိုမျိုး အရာတွေကို စပြီး မျိုချထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမည်မဖော်ပြတဲ့ အဆိုပါ အမျိုးသားဟာ ဝမ်းဗိုက် အလွန်အမင်း နာကျင်ခဲ့တဲ့အတွက် ကလိုင်ပီဒါ ဆိပ်ကမ်းမြို့ ဆေးရုံတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

ယင်းနောက် ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာ ၎င်းရဲ့ အစာအိမ်ထဲမှာ သတ္တု အပိုင်းအစတွေ တွေ့ခဲ့ပြီး အချို့ဟာ ၁၀ စင်တီမီတာ (၄ လက်မ) အထိတောင် ရှိတယ်လို့ ဆိုပါတယ်။

“သုံးနာရီကြာ ခွဲစိတ်မှုအတွင်း လူနာရဲ့ အစာအိမ်ထဲကနေ ယုတ်စွအဆုံး အ‌သေးဆုံးအရာ အပါအဝင် သံတွေ၊ ဝက်အူတွေ အားလုံးကို ဖယ်ထုတ်ပေးခဲ့ရပါတယ်” လို့ ခွဲစိတ်ဆရာဝန် ဆာရူနက်စ် ဒေလီဒီနက်စ်က ပြောပါတယ်။

ယင်းနောက်  အဆိုပါအမျိုးသားရဲ့ ဗိုက်ထဲကနေ ထုတ်ထားတဲ့ အိမ်ရိုက်သံတွေ၊ ဝက်အူတွေ စုပုံထားတဲ့ ခွဲစိတ်ခန်းသုံးလင်ပန်းတစ်ခုရဲ့ ဓာတ်ပုံကို ပြည်တွင်း မီဒီယာဆီ ပြသခဲ့ပါတယ်။

“ဒါမျိုးကို အရင်က တခါမှ မမြင်ခဲ့ဖူးပါဘူး” ဟု ကလိုင်ပီဒါ ဆေးရုံရဲ့ ခွဲစိတ်ဆရာဝန် အယ်လ်ဂီအာဒက်စ် စလက်ပါဗီစီးယပ်စ်က ပြောပါတယ်။

အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့လက အရက်ဖြတ်ပြီးနောက် သတ္တုအရာပစ္စည်းတွေကို စတင်မျိုချခဲ့တာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

ခွဲစိတ်မှု ခံယူပြီးနောက် လူနာအမျိုးသားဟာ အခြေအနေ တည်ငြိမ်ကောင်းမွန်တယ်လို့လည်း ၎င်းက ဖြည့်စွက် ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly