ပါကစ္စတန်ရှိ အာဖဂန်သံရုံး၌ သံတမန်များ ခန့်အပ်ရန် တာလီဘန်တို့ လိုလား

ပါကစ္စတန်ရှိ အာဖဂန်သံရုံး၌ သံတမန်များ ခန့်အပ်ရန် တာလီဘန်တို့ လိုလား

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ်မာဘတ်ရှိ အာဖဂန်နစ္စတန်သံရုံးနှင့် ပက်ရှာဝါမြို့ရှိ အာဖဂန်ကောင်စစ်ဝန်ရုံးတို့၌ သံတမန်များ ခန့်အပ်မှုနှင့်ပတ်သက်ပြီး တာလီဘန် ယာယီနိုင်ငံခြားရေးဝန်ကြီး အေမီအာ ခန် မွတ်တာခီ လက်မှတ်ထိုးထားသည့် စာတစ်စောင်ကို လက်ခံရရှိထားကြောင်း အစ္စလမ်မာဘတ်ရှိ သံရုံးမှ အာဖဂန်သံတမန်များက ပြောသည်။

အာဖဂန်နစ္စတန် အစ္စလမ္မစ် စော်ဘွားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူသားရင်းမြစ် ဦးစီးဌာနက ရေးခဲ့သည့် ထိုစာနှင့်ပတ်သက်ပြီး တာလီဘန်တို့က တရားဝင် မှတ်ချက်ပေးခြင်း မရှိသေးပေ။

အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းသွားမည်ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောသည်။

ပါကစ္စတန်သည် တာလီဘန်အစိုးရကို အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ဝန်ကြီးချုပ် အီမရန်ခန်း နှင့် အခြားပါကစ္စတန် ခေါင်းဆောင်များက ကဘူးလ်ရှိ တာလီဘန် အုပ်ချုပ်သူများနှင့်အကြား ဆက်ဆံဆောင်ရွက်ရန် ကမ္ဘာ့အသိုင်းအဝိုင်းကို တိုက်တွန်းထားသည်။

မွတ်တာခီ၏ စာအရ ဟာဖစ်ဇ် မိုဟီဘူလာကို အစ္စလမ်မာဘတ်ရှိ အာဖဂန်သံရုံး၌ ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ရှီအာ ဇမ်မီးန် ကူနာရီကို ပက်ရှာဝါရှိ ကောင်စစ်ဝန်ရုံး၌ ကောင်စစ်ဝန်ချုပ်အဖြစ်လည်းကောင်း ခန့်အပ်ကြောင်း ပါရှိသည်။

အလားတူ အာဖဂန်သံတမန်တစ်ဦးသည်လည်း ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး ပါဝင်ဆွေးနွေးမှုအစီအစဥ်ကနေ နုတ်ထွက်ထားခဲ့သည်။ ကုလဆိုင်ရာ အာဖဂန်သံအမတ်သည် စက်တင်ဘာ ၂၇ ရက်က အထွေထွေညီလာခံ၌ ကမ္ဘာ့ခေါင်းဆောင်များသို့ စကားပြောကြားမည့် အစီအစဥ်ကနေ နုတ်ထွက်ထားခဲ့သည်။

ပြီးခဲ့သည့်လက ဖြုတ်ချခံရသည့် သမ္မတ အာရှ်ရက် ဂါနီ အစိုးရကို ကိုယ်စားပြုသည့် အာဖဂန်သံတမန် ဂူလမ် အီဆက်ဇိုင်သည် ကုလညီလာခံအစည်းအဝေး၌ စကားပြောပြီး တာလီဘန်တို့ကို အာခံဆန့်ကျင်ရန် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အစည်းအဝေး၌ စကားပြောဆိုမည့်သူများစာရင်းတွင် ၎င်း၏ အမည် ပါဝင်ခဲ့ခြင်း မရှိတော့ပေ။

“ဒီကနေ့မှာ လုပ်ဖို့ စီစဥ်ထားတဲ့ အထွေထွေ ဆွေးနွေးစကားပြောဆိုမှုမှာ အဖွဲ့ဝင်နိုင်ငံ အာဖဂန်နစ္စတန်က မပါဝင်‌တော့ဘဲ နုတ်ထွက်ခဲ့တယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ ရခဲ့ပါတယ်” ဟု ညီလာခံ ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလေးက ဒိုဟာ အခြေစိုက် မီဒီယာတစ်ခုကို ပြောခဲ့သည်။

ယင်းကဲ့သို့ နုတ်ထွက်မှုအတွက် ကုလဆိုင်ရာ အာဖဂန်သံအဖွဲ့က အကြောင်းပြချက် မပေးခဲ့ဟု ဂရေးလေးက အေအက်ဖ်ပီ သတင်းအေဂျင်စီကို အစောပိုင်းက ပြောခဲ့သည်။

ပြီးခဲ့သည့်လက အာဖဂန်နစ္စတန်ကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် နယူးယော့ခ်ရှိ ကုလဆိုင်ရာ အာဖဂန်ကိုယ်စားလှယ် နေရာအတွက် အပြိုင်အဆိုင် တင်ပြအဆိုပြုမှုများ ဖြစ်ပေါ်နေချိန် ယင်းဖြစ်စဥ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly