အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အားလုံး ပူးပေါင်းပါဝင်သည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာရေးကို ကတိပြု

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အားလုံး ပူးပေါင်းပါဝင်သည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာရေးကို ကတိပြု

အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က Quad အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် အစည်းအဝေး မှတ်တမ်းဗီဒီယိုကို စက်တင်ဘာ ၂၈ရက်တွင် အွန်လိုင်းတွင်တင်ခဲ့ပြီး အဖွဲ့အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသတွင် အားလုံးပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် ကတိပြုထားသည်။

Quad ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရသည့်အတွက် ဂုဏ်ယူကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီး အဖွဲ့ဝင်များက လွတ်လပ်ပွင့်လင်းပြီးအားလုံးပါဝင်သော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေးကို ကတိပြုထားကြောင်း ဆိုသည်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၊ သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်နှင့် ဂျပန်ဝန်ကြီးချုပ် စူဂါ တို့ကိုလည်း အဆိုပါ Quad ထိပ်သီးအစည်းအဝေးတွင် ဘိုင်ဒင်နှင့် အတူတက်ရောက်ခဲ့ကြောင်း ဗီဒီယိုတွင် တွေ့မြင်ရသည်။

ဗီဒီယိုတွင် သမ္မတဂျိုးဘိုင်ဒင်က သမိုင်းကြောင်းရှည်လျားလှသည့် ပူးပေါင်းဆောင်ရွက်မှုရှိသော အဓိက ဒီမိုကရေစီနိုင်ငံကြီး ၄ နိုင်ငံသည် ကိစ္စရပ်များကို မည်သို့ပြီးမြောက်အောင်ဆောင်ရွက်ရမည်ကို သိကြောင်းနှင့် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ကြောင်းဆိုသည်။

"ပထမဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်ရတဲ့ Quad ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ကျင်းပခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဖြစ်မှုကို ကတိပြုထားပြီး ကြံ့ခိုင်ပြီး လွတ်လပ် ပွင့်လင်းကာ အားလုံးပါဝင်တဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေးကို ကတိပြုထားပါတယ်” ဟု ဘိုင်ဒင်က တွစ်တာတွင် ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်သည့် Quad ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို စက်တင်ဘာ ၂၄ ရက်တွင် ဝါရှင်တန်၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ အိန္ဒိယ၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နိုင်ငံ ၄ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အာဖဂန်နစ္စတန်နှင့် ပတ်သက်ပြီး နိုင်ငံများအနေဖြင့် သံတမန်ရေး၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများအားနီးကပ်စွာညှိနှိုင်းသွားမည်ဟုထိပ်သီးအစည်းအဝေးတွင်ပြောကြားခဲ့သည်။ ကြံ့ခိုင်၍ လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သည့် အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေးကို ကတိပြုရည်ရွယ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly