ဘရာဇီးမှာ သမ္မတကို စွပ်စွဲပြစ်တင်ဖြုတ်ချရေး ဆန္ဒပြသူတွေ တောင်းဆို

ဘရာဇီးမှာ သမ္မတကို စွပ်စွဲပြစ်တင်ဖြုတ်ချရေး ဆန္ဒပြသူတွေ တောင်းဆို
Photo - AFP

အောက်တိုဘာ ၃

ဘရာဇီးနိုင်ငံမှာ အောက်တိုဘာ ၂ ရက်က နိုင်ငံတဝန်း လမ်းတွေပေါ်မှာ လူပေါင်းသောင်းချီ စုဝေးရောက်ရှိခဲ့ကြပြီး သမ္မတ ဂျဲရ် ဘော်ဆွန်နာရိုကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချရေးအတွက် ထပ်မံတောင်းဆိုခဲ့ကြပါတယ်။

ယင်းနိုင်ငံမှာ သမ္မတ ဘော်ဆွန်နာရိုကတော့ ကိစ္စရပ် အများအပြား၊ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အောက်တိုဘာ ၂ ရက်က ရီယို ဒီဂျနေးရိုး ၊ ဆော်ပေါ်လို ၊ ဘရာဇီးလီးယား နဲ့ အခြား မြို့ကြီးတွေမှာ များပြားလှတဲ့ လူအုပ်စုတွေ စုဝေးခဲ့ကြပြီး “ဘော်ဆွန်နာရို ရာထူးမှ ပြုတ်ကျရေး ကမ်ပိန်း” ရဲ့ တစိတ်တဒေသအဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဆိုပါ ကမ်ပိန်းကိုတော့ လက်ဝဲယိမ်း နိုင်ငံရေးပါတီတွေနဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အချို့က ထောက်ပံ့ပေးထားခဲ့တာဖြစ်ပါတယ်။

ကိစ္စရပ်အများအပြားအနက် လက်ယာယိမ်းသမ္မတ ဘော်ဆွန်နာရိုဟာ အထူးသဖြင့် ကပ်ရောဂါအရေး ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ပတ်သက်လို့ ဝေဖန်ပြစ်တင်မှုအများအပြားနဲ့ ကြုံတွေ့ထားခဲ့ရပါတယ်။ ယင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူ့အသက်ပေါင်း ၆ သိန်းနီးပါး ဆုံးရှုံးထားခဲ့ရပါတယ်။

ရီယို ဒီဂျ‌နေးရိုး မြို့လယ်ဆီ ချီတက်ခဲ့ကြတဲ့ ဆန္ဒပြသူ ရာနဲ့ချီတို့က “ဘော်ဆွန်နာရို ထွက်တော့” ဆိုပြီး ကြွေးကြော် အော်ဟစ်ခဲ့ကြပါတယ်။

“ငါတို့တွေ သူ ရာထူးကနေ ထွက်ရအောင် လုပ်ကြရလိမ့်မယ်၊ ဒီမှာ ရှိနေကြသူတွေအားလုံးဟာ သူ့ကို စွပ်စွဲပြစ်တင်မှု လုပ်နိုင်စေဖို့အတွက် ဥပဒေပြုအမတ်တွေကို ဖိအားပေးတောင်းဆိုဖို့ ဖြစ်တယ်” လို့ အသက် ၆၉ နှစ်အရွယ်ရှိ အငြိမ်းစား ပါမောက္ခ အဲလိဇဘတ် ဆီမို့စ်က အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

ဘော်ဆွန်နာရိုကို စွပ်စွဲပြစ်တင်ဖို့ တောင်းဆိုပန်ကြားစာ ၁၀၀ ကျော်ကို ဘရာဇီးအောက်လွှတ်တော်မှာ တင်ပြထားပေမယ့် ယင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သလို အစိုးရရဲ့ မဟာမိတ်တစ်ဦးဖြစ်တဲ့ အာသာ လီရာက ယင်းစာတွေကို လက်ခံဖို့ ငြင်းဆန်ထားတယ်လို့ သိရပါတယ်။

ဘရာဇီး နိုင်ငံတော်တရားရုံးချုပ်ကတော့ သတင်းမှား ပျံ့နှံ့စေမှု အပါအဝင် ကိစ္စရပ်တစ်ချို့နဲ့ပတ်သက်လို့ ဘော်ဆွန်နာရိုနဲ့ ၎င်းရဲ့ လက်ထောက်တွေကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly