လျှပ်စစ််ဓာတ်အား မလုံလောက်သည့် တရုတ်နိုင်ငံတွင် စက်ရုံများ လုပ်ငန်းရပ်နား

လျှပ်စစ််ဓာတ်အား မလုံလောက်သည့် တရုတ်နိုင်ငံတွင် စက်ရုံများ လုပ်ငန်းရပ်နား

တရုတ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် Apple၊ Tesla နှင့် အခြား ကမ္ဘာကျော် ကုမ္ပဏီကြီးများအတွက် အစိတ်အပိုင်းပစ္စည်းများ ထုတ်လုပ်ပေးနေသည့် စက်ရုံများတွင် လုပ်ငန်းရပ်နားထားရသည်။

တရုတ်အစိုးရက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန် တင်းကျပ်သည့် အမိန့်များ ချမှတ်ထားချိန်တွင် ကျောက်မီးသွေးနှင့် ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်ခဲ့သလို လျှပ်စစ်လိုအပ်ချက်လည်း များပြားလာခဲ့သည်။

Apple ကုမ္ပဏီအတွက် ပစ္စည်းအစိတ်အပိုင်းများ ထုတ်ပေးနေသည့် Unimicron Technology က တရုတ်နိုင်ငံရှိ ၎င်း၏ လုပ်ငန်းခွဲ ၃ ခုကို စက်တင်ဘာ ၂၆ ရက်မှစ၍ ရပ်နားခဲ့ကာ ဒေသစည်းကမ်းဥပဒေနှင့် ကိုက်ညီမှုရှိစေရန် စက်တင်ဘာ ၃၀ ရက်အထိ ပိတ်ထားမည်ဟု ထုတ်ပြန်ခဲ့သည်။

Foxconn ၏ မိတ်ဖက်လုပ်ငန်းဖြစ်သည့် Eson Precision ကလည်း ရှန်ဟိုင်းမြို့အနီး ကွန်ရှန်မြို့တော်မှ ၎င်း၏ လုပ်ငန်းများကို စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ခဲ့သည်။

Apple အတွက် ပစ္စည်းအစိတ်အပိုင်းများ ထုတ်ပေးသည့် Concraft Holding ကလည်း ထုတ်လုပ်မှုများကို စက်တင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်ထားမည်ဖြစ်သော်လည်း လက်ရှိကုန်ပစ္စည်းအမှာစာများကို ထုတ်ပေးမည်ဟု ပြောကြားသည်။

ကပ်ရောဂါ ကာလအတွင်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေရသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နေသည်။

Intel၊ Nvidiaနှင့် Qualcomm ကဲ့သို့ ကမ္ဘာ့ကုမ္ပဏီကြီးများအတွက် ချစ်ပြားထုတ်ပိုးခြင်းနှင့် စမ်းသပ်မှုများ ပြုလုပ်သည့် လုပ်ငန်းများကလည်း ကျန်းစုပြည်နယ်ရှိ စက်ရုံများကို ရက်အနည်းငယ် ရပ်နားထားရန် သတိပေးစာများ ရောက်ရှိခဲ့သည်။

“Evergrande အိမ်ယာလုပ်ငန်း ငွေကြေးပြဿနာအပေါ် ဈေးကွက်က အာရုံစိုက်မှုနှင့် တရုတ်အစိုးရက အိမ်ယာကဏ္ဍအား ပုံမှန်မဟုတ်သည့် ထိန်းချုပ်မှုများ လုပ်ဆောင်ခြင်းကြောင့် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်းကို လျှော့တွက်ခြင်း၊ ကြိုတင်တွေးမထားခြင်းတို့ ဖြစ်စေခဲ့သည်” ဟု Nomura သုတေသနဌာနက ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်း ထုတ်ပြန်ခဲ့ကာ တရုတ်၏ စီးပွားရေးသည် ယခုနှစ်နောက်ဆုံး ၃ လတွင် တိုးတက်မှု ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly